မိုင်နူးနဲ့ ဂါနာချို တို့ ပါဝင်နေတဲ့ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ဆန်ခါတင် စာရင်း

ပြီးခဲ့တဲ့ရာသီ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက် ဆန်ခါတင် ၆ ဦးစာရင်းထွက်ပေါ်လာခဲ့ရာ အသင်းကြီးတွေထဲကနေ မန်ချက်စတာ ယူနိုက်တက်မှ ဂါနာချို၊ ကိုဘီမင်နူး အာဆင်နယ်မှ ဆာကာ နဲ့ ချယ်ဆီးမှ ပါလ်မာ တို့ ပါဝင်ခဲ့ပါတယ်။

အခု ဆန်ခါတင်စာရင်းကို PFA အဖွဲ့ဝင်တွေက မဲပေးရွေးချယ်ပြီးတဲ့နောက် တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ထို ၄ဦးနဲ့အတူ အခုနွေရာသီအပြောင်းအရွှေ့အတွင်း ဘိုင်ယန်မြူးနစ်ကို ရောက်ရှိသွားတဲ့ ခရစ္စတယ်ပဲလေ့စ် မှ အိုလီဆေး၊ ဘရိုက်တန် တိုက်စစ်ကစားသမား ယာအိုပတ်ဒရိုတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၄ PFA လူငယ်အကောင်းဆုံးဆုအတွက် ပြိုင်ဆိုင်မှုက အရင်နှစ်တွေကထက် ပိုပြင်းထန်ပြီး အခုစာရင်းမှာ ပါဝင်ခဲ့သူတိုင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။

မနှစ်က PFA လူငယ်အကောင်းဆုံးဆု ရယူခဲ့သူ အာဆင်န ယ်တောင်ပံတိုက်စစ်ကစားသမား ဆာကာကလည်း အသင်းအတွက် ၁၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးဖို့ မျှော်လင့်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ပါလ်မာဟာ ဆုရရှိဖို့ ရေပန်းစားသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေပါတယ်။

ပါလ်မာဟာ မနှစ်က ပရီးမီးယားလိဂ်မှာ ၃၄ ပွဲကစား၊ ၂၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့သူပါ။

ယူနိုက်တက် လူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဂါနာချိုနဲ့ကိုဘီမင်နူးတို့ဟာလည်း ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့အဓိက ကစားသမားတွေ အဖြစ် ပါဝင်ခြေစွမ်းပြခဲ့ကြပါတယ်။

ကိုဘီမင်နူးဟာ ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်လာပြီး ယူနိုက်တက်စီနီယာအသင်းအတွက် ပွဲဦးထွက်ခွင့်ရချိန်ကတည်းက ပုံစံကောင်းပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းကို ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုကတော့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၃၆ ပွဲကစား၊ ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဂါနာချိုနဲ့ ကိုဘီမင်နူးတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်အသင်း FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။

အိုလီဆေး၊ ယာအိုပတ်ဒရိုတိုဟာ မနှစ်က ကိုယ့်အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ကြပေမဲ့ ဂါနာချို၊ ကိုဘီမင်နူး၊ ဆာကာ၊ ပါလ်မာတို့ကို ကျော်ဖြတ်ပြီးတော့ ဆုရယူနိုင်ဖို့ ခဲယဉ်းပါတယ်။

PFA လူငယ် အကောင်းဆုံးဆု ရရှိသူကို နောက်တစ်ပတ်အင်္ဂါနေ့ကျရင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။