ဘောလုံးရာသီသစ်ကို ဒဏ်ရာ အသစ်နဲ့ စတင်လိုက်တဲ့ လုခ်ရှော ဘယ်ပွဲတွေ လွဲချော်ဦးမလဲ
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူလုခ်ရှောဟာ နောက်ထပ် ဒဏ်ရာသစ် ထပ်မံ ရရှိကာ ပရီးမီးယားလိဂ် ရာသီ အစကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
လုခ်ရှောဟာ ယခုလအစောပိုင်းတုန်းက ကာရင်တန်သို့ ပြန်လည်ရောက်ရှိလာကာ ရာသီကြိုလေ့ကျင့်ခန်းဆင်းစဉ်အတွင်း ဒဏ်ရာသစ်ထပ်မံ ရရှိလာတာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ လုခ်ရှောဟာ လာမယ့် စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်များအပြီးအထိ အနားယူလာရဖို့ ရှိနေပါတယ်။
ဒါကြောင့်လည်း သူဟာ ဖူလ်ဟမ်၊ ဘရိုက်တန်၊ လီဗာပူးတို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်လာပါမယ်။

လုခ်ရှောဟာ စနေနေ့တုန်းက မန်စီးတီးကို ပင်နယ်တီအဆုံးအဖြတ်တွင် ၇-၆ ဖြင့် ရှုံ့းနိမ့်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အား လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
ယင်းပွဲတွင် အဲရစ်တန်ဟက်ဟာ ဘယ်နောက်ခံလူအဖြစ် မာတီနက်ဇ်ကို အသုံးပြုသွားပြီး ဗဟိုခံစစ်တွင် ဂျွန်နီအီဗန့်နှင့် မက်ဂွိုင်းယားတို့ကို အသုံးပြုသွားပါတယ်။
အခြား ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ တိုင်ရဲလ်မာလာစီယာမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ခံစစ် အတွဲ မားသီးယပ်စ်ဒီလက်နှင့် မူဆာမာ့ဇ်ရာဝီတို့အား ခေါ်ယူကာ ခံစစ်ကို အားဖြည့်ထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ဒီနွေ အစောပိုင်းတည်းက တိုက်စစ်မှူးဂျိုရှာဇတ်ဇီးနှင့် ခံစစ်မှူးလီနီယိုရိုတို့ကိုလည်း ခေါ်ယူထားပါတယ်။
ယိုရို ကတော့ ရာသီကြိုခြေစမ်းပွဲတွင် ခြေချောင်းရိုးအက်ဒဏ်ရာရရှိကာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီး ၃ လကြာအနားယူနေရပါတယ်။