လုခ်ရှော နာသွားလို့ ချယ်ဆီး ကစားသမားဟောင်း ကို အလွတ်နဲ့ ခေါ်ရန် ပြင်ဆင်လာတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ဟာ ဒဏ်ရာကြောင့် အနားယူရမဲ့ ဘယ်နောက်ခံလူ လုခ်ရှောနေရာမှာ အစားထိုးဖို့ ချယ်ဆီး ကစားသမားဟောင်း တစ်ဦးကို အံ့အားသင့်စရာ ပစ်မှတ်ထားလာပါတယ်။

လုခ်ရှောဟာ ရာသီကြို လေ့ကျင့်ရေး မှာ ခြေသလုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာမဲ့ စက်တင်ဘာလအတွင်း ကစားမဲ့ နိုင်ငံတကာ ရက်သတ္တပတ်မတိုင်ခင်အထိ အနားယူရမှာဖြစ်တယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

လုခ်ရှောဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ယူနိုက်တက်အသင်းအတွက် မကစားနိုင်ပေမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် ဟာ လုခ်ရှောကို ဒဏ်ရာကြောင့် ဆုံးရှုံးရမဲ့ကာလအတွင်း ဘယ်နောက်ခံလူနေရာမှာ အစားထိုးနိုင်ဖို့ ချယ်ဆီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း မားကို့စ် အလွန်ဆိုကို ပစ်မှတ်ထားနေတယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူ စပိန်ဝါရင့်နောက်ခံလူ မားကို့စ်အလွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီကုန်က ဘာစီလိုနာနဲ့လမ်းခွဲပြီးတဲ့နောက် ကလပ်လက်မဲ့ဖြစ်နေတာကြောင့် ယူနိုက်တက်အသင်းက အလွတ်နဲ့ခေါ်ယူခွင့်ရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် မားကို့စ်အလွန်ဆိုဟာ ပရီးမီးယားလိဂ်မှာ ဘော်လ်တန်၊ ချယ်ဆီးတို့နဲ့အတူ ကစားသမားဘဝဖြတ်သန်းခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားစတဲ့ အဓိက ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် က ပြီးခဲ့တဲ့နှစ်၊ နွေရာသီကတည်းက မားကို့စ်အလွန်ဆိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပေမဲ့ စပါးအသင်းနောက်ခံလူ ရယ်ဂီလွန်ကိုပဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မားကို့စ်အလွန်ဆိုကို ပစ်မှတ်ထားနေပေမဲ့ သူက Full Back ပုံစံထက် Wing Back အဖြစ် ပိုခြေစွမ်းပြနိုင်ပြီး အဲရစ်တန်ဟက်ရဲ့နည်းစနစ်တွေနဲ့ အံဝင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။