ဒီည ဖူလ်ဟမ်နဲ့ ပွဲ အတွက် မန်ယူက အဆင်သင့် မဖြစ်သေးဘူးလို့ ငြီးတွားလာတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ကတော့ ဒီည ကစားရမဲ့ ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် သူ့ရဲ့အသင်း အဆင်သင့် ဖြစ်မနေသေးတဲ့ အပေါ် စိုးရိမ်ကြောင်း ပြောကြားလာပါတယ်။
အသစ်ခေါ်ယူထားတဲ့ မားသီးယပ်စ် ဒီလက်နှင့် နူဆာ မာ့ဇာရာဝီတို့မှာ ယူနိုက်တက်လူစာရင်းတွင် ပါဝင်လာမှာ ဖြစ်ပေမဲ့ ၎င်းတို့ဟာ ကြာသပတေးနေ့ကမှ ယူနိုက်တက် အသင်းထံသို့ ပြောင်းလာခဲ့တာပါ။
၎င်းတို့ဟာ အသင်းနှင့်အတူ အနည်းငယ်သာ လေ့ကျင့်ခန်းဆင်းထားရရာ အဲရစ်တန်ဟက်အတွက် ကစားသမားရွေးချယ်ရေး ပြဿနာတက်နေပါတယ်။
ယူနိုက်တက်ဟာ လုခ်ရှောကို ခြေသလုံးဒဏ်ရာကြောင့်လည်းကောင်း၊ ပေါင် ၅၂ သန်းတန် နောက်ခံလူ လီနီယိုရိုကို ခြေချောင်းရိုးအက်ဒဏ်ရာကြောင့် ၃ လအကြာ ဆုံးရှုံးထားရပါတယ်။

ဒါ့အပြင် သွင်းဂိုးတွေ အတွက် အားပြုရမယ့် တိုက်စစ်မှူး ရာစမပ်စ် ဟွိုင်းလန်းမှာလည်း တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
နည်းပြ အဲရစ်တန်ဟက်က “ဒီအသင်းက အသင့် မဖြစ်သေးဘူး။ ဒါပေမဲ့ လိဂ်က စနေပါပြီ။ ဒီပြဿနာကြုံရတဲ့ မန်နေဂျာလည်း အများကြီးရှိမှာပါ။ ဒါပေမဲ့ ကျွန်တော် စရပါမယ်။ ပုန်းရှောင်နေလို့ မရပါဘူး။ ထွက်ပြေးလို့ မရပါဘူး။ ဒီပြဿနာကို ကိုင်တွယ်ရပါမယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် အရန်အဖြစ် ဝင်ရောက်မကစားခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူး ဂျိုရှာဇတ်ဇီးမှာ ဖူလ်ဟမ်နှင့်ပွဲတွင် ပထမဆုံးပါဝင်လာဖွယ် ရှိနေပါတယ်။
အဲရစ်တန်ဟက်အတွက် အဓိကခေါင်းစားနေရတဲ့ ပြဿနာမှာ ဘယ်နောက်ခံလူ မရှိတာ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် လုပ်ခ်ရှောရော မာလာစီယာပါ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒါပေမဲ့ အဲရစ်တန်ဟက်ဟာ အသစ်ခေါ်ယူထားတဲ့ မာ့ဇာရာဝီ၊ မာတီနက်ဇ်တို့ကို အသုံးပြုပြီး ဖြေရှင်းလာနိုင်ပါတယ်။