ဇက်ဇီး အဖိုးတန် သွင်းဂိုးနဲ့ ဖူလ်ဟမ်ကို အနိုင်ယူပြီး ရာသီသစ်ကို နိုင်ပွဲနဲ့ စတင်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့နံနက် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို တိုက်စစ်မှူးသစ် ဇက်ဇီး ရဲ့သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

နည်းပြတန်ဟတ်က ကစားသမားသစ် မာဇရာဝီကို ပွဲထုတ်ခဲ့သလို ဖူလ်ဟမ်ဘက်ကလည်း စမစ်ရိုကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ပွဲချိန် အစောပိုင်းမှာ ဖူလ်ဟမ်အသင်းက ဖိအားပေးနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့် ဦးဆောင်ဂိုးတော့ မရခဲ့ပါဘူး။

အဲရစ်တန်ဟက်လက်ထက်မှာ ယူနိုက်တက်အသင်းဟာ ခိုင်မာတဲ့ System တစ်ခုကို မတည်ဆောက်နိုင်သေးဘဲ အခုအချိန်အထိ ကြုံသလိုကစားနေရတာကို မြင်နေဆဲပါပဲ။

ပထမပိုင်း ၁၉ မိနစ်အတွင်း ဖူလ်ဟမ်အသင်းက ယူနိုက်တက်ထက် ပိုကျစ်လျစ်တဲ့ကစားဟန်ကို ပြသနိုင်ခဲ့ပြီး ယူနိုက်တက်တို့ ဂိုးပေါက်ကန်ချက် ၁ ကြိမ်မှ မလုပ်နိုင်ချိန်မှာ ဖူလ်ဟမ်က ၃ ကြိမ်အထိပြုလုပ်ခဲ့သလို တက်တေရဲ့အဝေးကန်ချက်ကို အိုနာနာ အသည်းအသန်ကာကွယ်ခဲ့ရတယ်။

မိနစ် ၂၀ နောက်ပိုင်းမှ ယူနိုက်တက်အသင်း တည်ငြိမ်မှု ရှိလာပြီး တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့တယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အပိုင်အခွင့်အရေး ၂ ကြိမ် ကို လေနို အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက် ကံဆိုးခဲ့ရတယ်။

အခုပွဲမှာ အဲရစ်တန်ဟက်က မန်စီးတီးနဲ့ကွန်မြူနတီဒိုင်းပွဲကလိုပဲ အထောင်တိုက်စစ်မှူးစစ်စစ် မသုံးဘဲ ဘရူနိုဖာနန်ဒက်စ်ကို False 9 ပုံစံကစားစေပြီး မေဆင်မောင့်ကို No 10 Role နေရာမှာ အသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်တောင်ပံတိုက်စစ်က ရပ်ရှ်ဖို့ဒ်၊ ဒီယာလိုတို့ နှစ်ယောက်စလုံး အခုပွဲမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တိုက်စစ်လမ်းကြောင်းက ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ နှစ်ယောက်ပဲ အဓိကရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီကစလို့ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀ မှာ ပထမပိုင်းပွဲကစားချိန်အတွင်း ၉ ဂိုးသာသွင်းနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်း အခုပွဲမှာလည်း ဖူလ်ဟမ်ကို ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေနဲ့အဆုံးသတ်ခဲ့တယ်။

ဒုတိယပိုင်းမှာ အဲရစ်တန်ဟက်က ဒီယာလို၊ မေဆင်မောင့်တို့ရဲ့နေရာမှာ ဂါနာချိုနဲ့ ဇာ့ခ်ဇီတို့ကို လူစားထိုးပြီးတော့ တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပေမဲ့ ယူနိုက်တက်တိုက်စစ်ကစားအားက သိသိသာသာ တိုးတက်လာတာမျိုး မရှိခဲ့ဘူး။

မိနစ် ၈၀ ကျော်တဲ့အထိ ယူနိုက်တက်တို့ ဂိုးရဖို့ရုန်းကန်နေရဆဲမှာပဲ ၈၇ မိနစ်မှာ ဂါနာချို ကန်တင်ပေးလိုက်တာကို ဇာက်ဇီးက ပိတ်သွင်းခဲ့တာကြောင့် ယူနိုက်တက်အသင်း အဖိုးတန် အနိုင်ဂိုး ရရှိခဲ့တယ်။

ပွဲပြီးခါနီးမှာ ဖူလ်ဟမ်ခံစစ်အမှားကနေ ရပ်ရှ်ဖို့ဒ် ကိုယ်တိုင်ဂိုးမသွင်းဘဲ ဂါနာချိုဆီ ထိုးပေးခဲ့ပေမဲ့ ဂါနာချိုဟာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းချက်က အံ့အားသင့်စရာကောင်းအောင်ပဲ ဘေးထွက်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက် အကောင်းဆုံး ပုံစံ မပြနိုင်သေးပေမယ့် အနိုင် ၃ မှတ်နဲ့ ရာသီသစ်ကို စတင်ဖွင့်လှစ်နိုင်တာကြောင့် ကျေနပ်စရာပဲ ဖြစ်ပါတယ်။