နစ္စတယ်ရွိုင်း လို တာထွက်ကောင်းကာ နာမည်ကြီး Stretford End ရှေ့မှာ ပွဲဦးထွက် ဂိုးသွင်းခဲ့တဲ့ ဇတ်ဇီး
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် ဂျိုရှာဇတ်ဇီးဟာ ယူနိုက်တက်အတွက် ပထမဆုံးကစားတဲ့ အိုးထရက်ဖို့ဒ်တွင် ဖူလ်ဟမ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် နောက်ကျအနိုင်ဂိုးသွင်းယူလာနိုင်ပြီးတဲ့နောက် ၎င်းရဲ့ အိပ်မက် တခု ပိုင်ဆိုင်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက အခြား နယ်သာလန်သား တိုက်စစ်မှူးတစ်ဦးဟာလည်း ဖူလ်ဟမ်နှင့်ပွဲမှာပင် ယူနိုက်တက်အတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲကစားရာမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ဖူးပါတယ်။ သူကတော့ ရုဒ် ဗန် နစ္စတယ်ရွိုင်း ဖြစ်ပါတယ်။
နယ်သာလန် ဂန္ထဝင်တိုက်စစ်မှူးဟာ ဖူလ်ဟမ်နှင့်ပွဲမှာ ပထမဆုံးဂိုးသွင်းယူနိုင်ပြီးတဲ့နောက် ၅ ရာသီ ကစားခဲ့ရာမှာ ဂိုး ၁၅၀ အထိ သင်းယူနိုင်ခဲ့ပါတယ်။

နစ္စတယ်ရွိုင်းဟာ ယခုနွေရာသီတွင် အဲရစ်တန်ဟက်ရဲ့ လက်ထောက်နည်းပြအဖြစ် ယူနိုက်တက်သို့ တကျော့ပြန်ရောက်လာပြီးတဲ့နောက် တစ်နိုင်ငံတည်းသား ဂျိုရှာဇတ်ဇီးကိုလည်း ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာ ပထမဆုံးဂိုးသွင်းနိုင်အောင် ကူညီပေးပို့ပေးနိုင်ခဲ့ပါတယ်။
ဇတ်ဇီးဟာ ဖူလ်ဟမ်နှင့်ပွဲစဉ်မှာ ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၇ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “သူက ဒတ်ချ်ပဲ ဖြစ်ဖြစ်၊ အင်္ဂလိပ်ပဲ ဖြစ်ဖြစ်၊ ရုရှားပဲ ဖြစ်ဖြစ်၊ တောင်အမေရိကသားပဲ ဖြစ်ဖြစ် အရေးမကြီးဘူး။ ဒါက မန်ချက်စတာယူနိုက်တက်ပါ။ သူက ယူနိုက်တက် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ တိုက်စစ်မှူးတစ်ဦး ဝင်ကစားပြီး ပထမဆုံးဂိုးသွင်းလာနိုင်တာ ကောင်းပါတယ်”လို့ ပြောကြားသွားပါတယ်။
ဇတ်ဇီးဟာ အိုးထရက်ဖို့ဒ်ရဲ့ နာမည်ကြီး Stretford End ပွဲကြည့်စင် ရှေ့တွင် ဂိုးသွင်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အီတလီကလပ် ဘိုလော့ဂ်နာမှ ပေါင် ၃၆.၅ သန်းဖြင့် ပြောင်းလာပြီးတဲ့နောက် ယူနိုက်တက်တွင် အိပ်မက်စတင်မှု စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဇတ်ဇီးက “ယူနိုက်တက်မှာ အကောင်းဆုံးခံစားမှုတွေထဲက တစ်ခုက (Stretford End) ရှေ့မှာ ဂိုးသွင်းရတာလို့ ပြောကြပါတယ်။ ပထမဆုံးပွဲမှာပဲ ဒီအတွေ့အကြုံရလိုက်တဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ အရမ်းအံ့ဩစရာကောင်းတဲ့ ခံစားမှုပါ။ အရမ်းအံ့ဩစရာကောင်းတယ်။ အိပ်မက်တကယ်ဖြစ်လာပါပြီ”လို့ ပြောကြားသွားပါတယ်။