ဖူလ်ဟမ်ကို နိုင်သာ နိုင်လိုက်ပေမယ့် မန်ယူ နည်းပြ တန်ဟက် စိတ်တိုင်းမကျ၊ အားမရ ဖြစ်နေတဲ့ ကိစ္စ တစ်ခု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် မနေ့ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်ကို ဧည့်ခံကစားခဲ့ရာ ၁-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။ ထိုပွဲ အနိုင်ရခဲ့ပေမယ့် နည်းပြ တန်ဟက်က စိတ်တိုင်းတော့ မကျသေးဘဲ ပွဲအပြီးမှာ ကစားသမားတွေကို ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက် အတွက် အနိုင် ဂိုး ကို ဒီနွေကမှ အသစ်ခေါ်ထားတဲ့ တိုက်စစ်သမား ဇီရစ်ဇီးက အသင်းဖော် ဂနာချိုရဲ့ ဖြတ်တင်ဘော ကနေ ပွဲချိန် မိနစ် ၉၀ ပြည့်ခါနီးလေးမှာ ပိတ်သွင်းပြီး ဂိုး သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ဖူလ်ဟမ်အသင်းဘက်ကလည်း အခွင့်အရေးတွေ ရသလို ယူနိုက်တက်ဘက်က ဘရူနို၊ မေဆန်မောင့်၊ ဂနာချိုတို့ အခွင့်အရေးကောင်းတွေ ရခဲ့ကြကာ ဦးဆောင်ဂိုး ယူဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြတန်ဟက်က သူ စိတ်တိုင်း မကျခဲ့တဲ့ ကိစ္စ အား အခုလို ထုတ်ဖော် ပြောလိုက်ပါတယ်။

” ကျနော်တို့တွေ ဖူလ်ဟမ်အသင်းကို ဖိအားတွေဖြစ်နေအောင် လုပ်နိုင်ခဲ့တယ်။ သူတို့တွေ အတော်လေး ဒုက္ခများခဲ့ကြပါတယ်။ ကျနော်တို့က အခွင့်အရေး ဖန်တီးနိုင်စွမ်း များတာကိုး။

ကျနော်တို့ အစောကြီးတည်းက ဂိုးရသင့်တာပါ။ အသင်းအပေါ် (ယူနိုက်တက်) ဒါလေးတစ်ခုပဲ ကျနော် ဝေဖန်ချင်တယ်။ အပြတ်ဖြတ်စမ်းပါ၊ ဧရိယာထဲမှာ ပြိုင်ဘက်ကို အပြတ်ဖြတ်ကြစမ်းပါ .. ” လို့ သူ့အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရာသီ အစ အဖွင့်ပွဲကို အနိုင်ရလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးကို စတင် ဦးဆောင်နေပြီ ဖြစ်ပါတယ်။