ယိုရိုမှာ ဒဏ်ရာ ရနိုင်ခြေရှိတဲ့ ပြဿနာ ရှိတာ ဆေးစစ်တည်းက သိခဲ့ပေမယ့် ယူနိုက်တက် စွန့်စား စိန်ခေါ်ခဲ့
မန်ချက်စတာယူနိုက်တက်ဟာ လီနီယိုရို ကို ခေါ်ယူရေး အပြီးမသတ်ခင် ဆေးစစ်ဆေးမှုခံယူစဉ် က ကစားသမားမှာ ဒဏ်ရာ ရရှိနိုင်ခြေများတဲ့ ပြဿနာရှာဖွေတွေ့ရှိခဲ့ပေမဲ့လည်း ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အသက် ၁၈ နှစ် အရွယ်ရှိ ဗဟိုခံစစ်သမား ယိုရိုဟာ ယူနိုက်တက်အ တွက် ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲကစားစဉ် ဘယ်ဖက်ခြေချောင်းရိုးအက်ဒဏ်ရာရရှိကာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါတယ်။ သူဟာ ဒဏ်ရာကြောင့် ၃ လအထိ အနားယူနေရပါတယ်။
The Athletic သတင်းဌာန အဆိုအရ ယူနိုက်တက် ဆေးအဖွဲ့ဟာ ယိုရိုအား ပေါင် ၅၂ သန်းဖြင့် မခေါ်ယူမီ ဆေးစစ်ဆေးမှု ပြုလုပ်စဉ်တည်းက ခြေချောင်းရိုးပြဿနာ ဖြစ်နိုင်တဲ့ အခြေအနေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အကြီးအကဲများဟာ ယိုရိုမှာ လာမယ့်ဆယ်စုနှစ်တစ်ခုကျော်အထိ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာနိုင်တယ်လို့ ယုံကြည်မှုနှင့်အတူ အရဲစွန့်ခေါ်ယူခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ ယိုရိုအား လေ့ကျင့်ခန်းအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ဆင်းစေပြီး ဂရုစိုက်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အမေရိကန်မှာ အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှာတော့ ဘယ်ဖက်ခြေထောက်ရိုး အက်တဲ့ ဒဏ်ရာ ရရှိသွားပါတော့တယ်။
ယိုရိုက အမေရိကန်တွင်ပင် ယူနိုက်တက် အသင်းဖော်များနှင့် နေထိုင်ခဲ့ပြီး မန်ချက်စတာသို့ ပြန်လည်ရောက်လာချိန်မှ ခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်မှ မားသီးယပ်စ်ဒီလက်နှင့် နူဆာမာ့ဇ်ရာဝီတို့အား ခေါ်ယူထားမှုနှင့်အတူ ယိုရိုအား အလျှင်စလို ပြန်လည် အသုံးပြုလာဖို့ မရှိပါဘူး။
ယိုရိုဟာ အမ်ဘာပေ ဗားရှင်း ခံစစ်မှုး လို့ တင်စားခံရသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရသူပါ။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နှစ်နွေတွင် စာချုပ်သက်တမ်းပြည့်မဲ့ အန်တိုနီယိုရူဒီဂါနေရာတွင် အစားထိုးရန် ယိုရိုအား ခေါ်ယူလိုခဲ့တာပါ။ ကာယကံရှင် ယိုရိုကလည်း ရီးရဲလ်မက်ဒရစ်သို့ ပြောင်းကစားလိုပြီး ယူနိုက်တက်သို့ ပြောင်းရေး ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ လိုင်လီက ယူနိုက်တက်သို့ မပြောင်းလျှင် လာမယ့် ဘောလုံးရာသီ တစ်ရာသီလုံးအား ပွဲကစားခွင့်ပေးလာမှာ မဟုတ်ကြောင်း ခြိမ်းခြောက်မှုနှင့်အတူ အိုးထရက်ဖို့ဒ်သို့ ပြောင်းရန် ဖြစ်လာခဲ့တာပါ။