လူသစ် တစ်ယောက်မှ မဝယ်နိုင်သေးတဲ့ လီဗာပူးအသင်းရဲ့ ရှားပါး ပစ်မှတ်ကို ကြားဖြတ်ဝင်ခေါ်ဖို့ မန်ချက်စတာ ယူနိုက်တက် ပြင်ဆင်လာ

လီဗာပူးအသင်း ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာ ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီကို မန်ချက်စတာ ယူနိုက်တက်က ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အင်္ဂလန် သတင်းတွေ့ ဖော်ပြလာပါတယ်။

ဒီနွေမှာ ကစားသမားသစ် တစ်ဦးတစ်ယောက်မှ မခေါ်ရသေးတဲ့ လီဗာပူးလ်ဟာ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီကို ပစ်မှတ်ထားလို့နေပြီး အနာဂတ်မှာ အယ်လီဆန်နေရာအတွက် အစားထိုးဖို့ ချိန်ရွယ်ထားကာ တခြား ကလပ်အသင်း တစ်သင်း သင်းဆီ တစ်ရာသီခန့်လောက် အငှားချဖို့ပါ စီစဉ်ထားပါတယ်။

မာမာဒက်ရှ်ဗီလီ ကိုယ်တိုင်ကလည်း လီဗာပူးလ်ဆီကို ပြောင်းရွှေ့ချင်နေပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားပေမယ့် အခုအထိတော့ လီဗာပူးလ်နဲ့ ဗလင်စီယာအသင်းတို့ကြား သဘောတူညီမှုတော့ မရသေးပဲ ဖြစ်နေပါတယ်။

ဒီလို အခြေအနေမျိုး ဖြစ်နေချိန်မှာ ယူနိုက်တက်က မာမာဒက်ရှ်ဗီလီကို လီဗာပူးလ်ဆီကနေ ကြားဖြတ် ခေါ်ယူဖို့ ပါဝင်လာကြောင်း သတင်း ထွက်လာတာပါ။

တကယ်လို့ အခုဈေးကွက်ထဲမှာ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကိုသာ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ လစာ ပေးချေမှုတွေလည်း ပိုအဆင်ပြေသွားနိုင်တဲ့အတွက် နောက်ထပ် ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်လာနိုင်ပါတယ်။

ယူနိုက်တက်ကတော့ ဒီနွေမှာ လီဗာပူးလ်နဲ့မတူ လက်ရှိအချိန်ထိ ကစားသမားသစ် (၄)ဦး အထိတောင် ခေါ်ယူထားသေးသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတေးကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက် ရှိလို့နေပါတယ်။

ဒါ့အပြင် ယူနိုက်တက်က အူဂါတေးသာမက ဘယ်ခြမ်းခံစစ်နေရာအတွက်ကိုလည်း ချိန်ရွယ်နေပြန်ပါတယ်။

ဒီလို ကွင်းလယ်နဲ့ ဘယ်နောက်ခံနေရာတွေအတွက် ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်က အခု ဂိုးသမားနေရာအတွက်ပါ လီဗာပူးလ်ပစ်မှတ် မာမာဒက်ရှ်ဗီလီကိုပါ target ထားနေသလို ဆန်ချိုကိုသာ အသင်းကနေ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ဂိုးပေါက်မှာ အိုနာနာနဲ့အပြိုင် ဂိုးသမားတစ်ယောက် ရှိနေဖို့ မာမာဒက်ရှ်ဗီလီကို ကြားဖြတ် ခေါ်ယူဖွယ် ရှိလာနိုင်ပါတယ်။