ယူနိုက်တက်က ဈေးကွက် မပိတ်ခင် အမှီရောင်းဖို့ လှုပ်ရှား ဆွေးနွေးခြင်း ခံနေရတဲ့ တိုက်စစ်သမား
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ပယ်လစ်စထရီကို ဂရိထိပ်သီးကလပ် ပါနာသီနိုင်ကော့စ်အသင်းဆီ ပေါင် ၈.၅ သန်းနဲ့ရောင်းချဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
ဒါပေမယ့် အခုလောလောဆယ် ထိ အပြောင်းအရွှေ့ကိစ္စအတွက် နှစ်ဖက်အသင်းကြား အပြီးသတ် သဘောတူညီမှု မရသေးဘဲ ပယ်လစ်စထရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တချို့လည်း ရှိနေပါတယ်။
အသက် ၂၂ နှစ်သာရှိသေးသူ ဥရုဂွေးလက်ရွေးစင်ကစားသမား ပယ်လစ်စထရီဟာ ပြီးခဲ့တဲ့ရာသီဝက်က ဂရန်နာဒါအသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့ရပြီး အဲဒီမတိုင်ခင်ကလည်း အလာဗတ်စ်အသင်းမှာ ၂ ရာသီကြာ အငှားနဲ့ကစားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က ဥရုဂွေးကလပ် ပင်နာရိုးလ်အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိခဲ့သူ ပယ်လစ်စထရီဟာ အသင်းမှာ ပုံမှန်ကစားခွင့်မရဘဲ စုစုပေါင်း ၂၅ ပွဲသာ ကစားခဲ့ရပါတယ်။
ပယ်လစ်စထရီဟာ မန်စီးတီးနဲ့ကွန်မြူနတီဒိုင်းပွဲမှာ လူစားဝင်အဖြစ် ကစားခွင့်ရပေမဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ မပါဝင်ခဲ့ရပါဘူး။
နည်းပြ အဲရစ်တန်ဟက်ရဲ့ အစီအစဉ်တွေထဲမှာလည်း ပယ်လစ်စထရီအတွက် နေရာမရှိတော့တာကြောင့် သူ့ကို ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။