ဘာစီလိုနာရဲ့ ဘယ်တောင်ပံ ပစ်မှတ် ကစားသမား စာရင်းထဲ ပါဝင်လာတဲ့ မားကပ် ရပ်ရှ်ဖို့ဒ်
ဘာစီလိုနာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် ဘယ်တောင်ပံနေရာအတွက် ခေါ်ယူချင်နေတဲ့ ကစားသမားစာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်မှ မားကပ်စ် ရပ်ရှ်ဖို့ဒ်ပါ ပါဝင်နေခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဒီနွေအတွက် စပိန်လက်ရွေးစင်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နီကို ဝီလီယံစ်နဲ့ ဒါနီ အော်လ်မိုတို့ကို အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိ အချိန်အထိကတော့ အကယ်ဒမီ ကစားသမားဟောင်း အော်လ်မိုတစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
နီကို ဝီလီယံစ်ကို ဒီဈေးကွက်ထဲမှာ ခေါ်ယူနိုင်ဖို့က မလွယ်ကူတော့တဲ့အတွက် ဘာစီလိုနာက နောက်ထပ် ပစ်မှတ်တွေကိုသာ ချိန်ရွယ်လာခဲ့ပါတယ်။

ဘယ်တောင်ပံ နေရာမှာ အတွက် ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ် ကိုယ်တိုင် စိတ်ဝင်စားနေတဲ့ ကစားသမားစာရင်းထဲမှာ သူနဲ့ ဘိုင်ယန်မှာ လက်တွဲခဲ့ဖူးတဲ့ ကင်စလေ ကိုးမန်းအပြင် ယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်လည်း အံ့အားသင့်စဖွယ် ပါဝင်လို့နေပါတယ်။
ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက ရောင်းချသွားဖို့ စိတ်ကူး ရှိပုံ မရဘဲ ရောင်းချမယ်ဆိုရင်လည်း ယူရို သန်း(၆၀)အထက်လောက်အထိ တောင်းဆိုတာတွေပါ လုပ်ဆောင်လာနိုင်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စေခဲ့ပြီး ရောင်းချစေချင်ကြပေမယ့် နည်းပြ တန်ဟက်က အင်္ဂလန်သားကို ဆက်ထိန်းထားလိုဟန် ရှိနေပါတယ်။