၇ နှစ် အကြာ အိုးထရက်ဖို့ဒ်ထံ ပထမဆုံး အကြိမ် ပြန်လာပြီး မန်ယူ ဂျာစီဝတ်ဆင် ကစားမယ့် ဝိန်းရွန်းနီ

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် တစ်ဦး ဖြစ်တဲ့ တိုက်စစ်မှူး ဟောင်း ဝိန်းရွန်းနီဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ၇ နှစ်တာ အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်သို့ တကျော့ပြန်ခြေချကစားလာပါတော့မယ်။

လက်ရှိမှာ ပလိုင်းမောက်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေသူ ရွန်းနီ က လာမယ့် စက်တင်ဘာလ ၇ ရက်နေ့၊ ယူနိုက်တက်ဂန္ထဝင်အသင်းနှင့် ဆဲလ်တစ်အသင်းတို့ရဲ့ ပရဟိတရန်ပုံငွေပွဲတွင် ပါဝင်ကစားလာမှာလည်း ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သူ ရွန်းနီဟာ ၂၀၀၄ ခုနှစ်မှာ အဲဗာတန်ကနေ ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးစာရင်းဝင်ဖြစ်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သလို အသင်းရဲ့ဂန္ထဝင်ကြီး ဘော်ဘီချာလ်တန်ကို ကျော်ဖြတ်ပြီးတော့ ယူနိုက်တက်ရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၅၅၉ ပွဲကစား၊ ၂၅၃ ဂိုးနဲ့စံချိန်တင်ခဲ့ပါတယ်။

ဆဲလ်တစ်နဲ့ ရန်ပုံငွေပွဲကျရင် ယူနိုက်တက် ဂန္ထဝင်အသင်းအတွက် ရွန်းနီ ပါဝင်ကစားမှာဖြစ်တာကြောင့် ယူနိုက်တက်ဂျာစီကို နောက်တစ်ကြိမ် ဝတ်ဆင်ခွင့်ရမှာဖြစ်ပါတယ်။

ပြိုင်ဘက် ဆဲလ်တစ် အသင်းနဲ့ ပတ်သတ်ပြီးလည်း ရွန်းနီက “ကျွန်တော့်မိသားစုနဲ့ ကျွန်တော်တို့က ဆဲလ်တစ်ကို အမြဲအားပေးလာခဲ့တာပါ။ ကလေးဘဝကတည်းက အားပေးလာတာပါ။ ကျွန်တော့်ကလေးတွေမှာလည်း ဆဲလ်တစ်အင်္ကျီတွေ ရှိကြတယ်။ ဒီအသင်းရလဒ်ကို အမြဲစောင့်ကြည့်နေခဲ့တာပါ”လို့ ပြောကြားသွားပါတယ်။

ဆဲလ်တစ်နဲ့ပွဲမှာ ဂန္ထဝင်တွေဖြစ်ကြတဲ့ ပေါလ်စခိုးလ်၊ နစ်ကီဘတ်၊ ဘာဘာတော့ဗ်၊ ဗလင်စီယာတို့လည်း ပါဝင်မှာဖြစ်တယ်လို့ ယူနိုကတက်အသင်းက တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

ဒ့ါအပြင် ယူနိုက်တက်နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်း ဖလက်ချာ၊ ဂိုးသမားဟောင်းလင်ဒီဂါ့တ်၊ နာမည်ကျော်နောက်ခံလူဟောင်း ဝက်စ်ဘရောင်းတို့လည်း ပါဝင်မှာဖြစ်ပြီး အသင်းနည်းပြအဖြစ် ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ရော့ဘ်ဆင်က ကိုင်တွယ်သွားမှာဖြစ်ပါတယ်။