ဆာဂျမ်ရက်ကလစ်ဖ် အသုံးစရိတ် လျှော့ပစ်တဲ့ ပလန်ကြောင့် ဝန်ထမ်းတွေ အစားသောက်ပါ ထိခိုက်ကြောင်း သတင်း ထွက်နေ
မန်ချက်စတာယူနိုက်တက် ဝန်ထမ်းများဟာ ကလပ်ရဲ့ အသုံးစရိတ်လျှော့ချမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစားအသောက်ပိုင်းမှာပါ ထိခိုက်မှု ရှိနေကြောင်း သတင်းထွက်နေပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ဘောလုံးရေးရာကိစ္စရပ်များကို ထိန်းချုပ်လုပ်ဆောင်လာပြီးနောက် အသုံးစရိတ်လျှော့ချမှုများ ပြုလုပ်နေပါတယ်။
ရက်ကလစ်ဖ်ဟာ ကလပ်ရဲ့ ဘဏ္ဍာရေး အသုံးစရိတ်ကို ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် ဝန်ထမ်း ၂၅၀ အထိ လျှော့ချမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ကလပ်ရဲ့အေဂျင်စီ ဝန်ထမ်းများဟာ အသင်း ပွဲကစားရန် ရှိတဲ့ နေ့များတွင် ဆန်းဒဝစ်ချ်တစ်ခု၊ စီရီရယ်ချောင်း တစ်ချောင်း၊ အာလူးကြော် ၁ ထုတ်နှင့် အချိုရည် ၁ ဗူးတို့အား နေ့လည်စာအဖြစ် ရရှိလာကြပါတယ်။
ဒါပေမဲ့ ယခုအခါမှာတော့ အသင်းဘက်က အကြွင်းအကျန် အစားအသောက်များကိုသာ ပေးတော့ကြောင်း သိရပါတယ်။
ယူနိုက်တက်ကတော့ ဝန်ထမ်းများကို ပေးတဲ့ အစားအသောက်များမှာ အကြွင်းအကျန်များ မဟုတ်ဘဲ ဝန်ထမ်းများအတွက် သီးသန့် ချက်ထားတဲ့ အစားအသောက်များသာ ဖြစ်တဲ့အပြင် ပရိသတ်များကို ရောင်းချတဲ့ အစားအသောက်နှင့် အတူတူပင် ဖြစ်ကြောင်း ဆိုထားပါတယ်။
ယူနိုက်တက်ဟာ ပွဲကစားတဲ့ နေ့များတွင် နေ့လည်စာအစားအသောက်များစွာ ကျန်နေကာ အလဟသ ဖြစ်နေမှုနှင့်အတူ အစားအသောက်ချက်ပြုတ်မှုကို လျှော့ချလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အချို့ ဝန်ထမ်းများက ၎င်းတို့မှာ နေ့လည်စာကို အိမ်သာထဲတောင် ဝင်ရောက် စားသောက်နေရကြောင်း ပြောဆိုထားကြပါတယ်။
ဝန်ထမ်းတစ်ဦးက “သူတို့က လေးလုံးတွဲ အိမ်သာနားမှာ စားပွဲခင်းပေးထားပါတယ်”လို့ ဒေးလီးမေးလ် သို့ ပြောကြားထားပါတယ်။
ယူနိုက်တက်ကတော့ ယင်း စားသောက်စားပွဲဧရိယာမှာ အိမ်သာခန်းနှင့် ဆက်စပ်နေခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
ဒါတွေ အပြင် ယူနိုက်တက်ဟာ ပွဲကစားတဲ့ နေ့များတွင် ပရိသတ်များကို အစားအသောက်အခမဲ့ကျွေးတဲ့ အစီအစဉ်ကိုလည်း ဖယ်ရှားလိုက်ပြီး ဖြစ်ပါတယ်။