ဘရိုက်တန် Vs မန်ချက်စတာ ယူနိုက်တက်ပွဲမှ စိတ်ဝင်စားစရာ မှတ်တမ်းနဲ့ ထူးခြားချက်များ
မနေ့ညက ကစားခဲ့တ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး စောစောစီးစီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။
ဘရိုက်တန်အတွက်အဖွင့်ဂိုးကို ၃၂ မိနစ်မှာ မီတိုမာ ပေးတာကနေ ဝဲလ်ဘတ်က အနီးကပ်ပိတ်သွင်းခဲ့ပြီး အခုဂိုးက ဝဲလ်ဘတ်ရဲ့ ကလပ်ကစားသမားဘ၀ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်မှာ အသင်းဟောင်း ယူနိုက်တက်ဘက်ကို ဝဲလ်ဘတ်က ၅ ဂိုးမြောက်သွင်းယူခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ယူနိုက်တက်ဘက်ကို ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားဟောင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ချေပဂိုးကို မိနစ် ၆၀ မှာ မက်ဇ်ယောင်အီ ထိုးပေးတာကနေ ဒီယာလိုက ဆွဲပြေးကန်သွင်းခဲ့ပြီး ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက် အာဖရိက ကစားသမားနှစ်ဦးရဲ့ တွဲလုံးကနေ ဂိုးရခဲ့တာက အခုမှ ပထမဆုံးအကြိမ်ပါပဲ။

ဘရိုက်တန်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး၊ နာကျင်အချိန်ပိုအတွင်း အေဒင်ဂရာ ကန်တင်ပေးလိုက်တာကို တိုက်စစ်ကစားသမား ယာအိုပတ်ဒရိုက အနီးကပ်ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပါတယ်။
၂၀၂၃ မေလတုန်းက ဘရိုက်တန်ကွင်းလယ်လူဟောင်း မက်အယ်လစ္စတာဟာ ၉၈ မိနစ် ၁၇ စက္ကန့်နဲ့ အနိုင်ဂိုးသွင်းခဲ့ပြီး အခု ယာအိုပတ်ဒရိုက ၉၄ မိနစ် ၂၅ စက္ကန့်နဲ့ အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ဘရိုက်တန်အသင်းဟာ အာဆင်နယ်(၃ ပွဲ)ပြီးရင် ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဘက်ကို နာကျင်အချိန်ပိုဂိုးနဲ့ ပွဲအများဆုံးအနိုင်ရခဲ့တဲ့ ဒုတိယမြောက်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘရိုက်တန်နဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ၁၅ ကြိမ်ဆုံတွေ့မှုမှာ သရေ ရလဒ်ထွက်ပေါ်ခဲ့တာ တစ်ပွဲမှမရှိဘဲ ဘရိုက်တန်က ၇ ပွဲနိုင်၊ ယူနိုက်တက်က ၈ ပွဲနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၂၂ အောက်တိုဘာလအတွင်း အဲဗာတန်ကို အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အဝေးကွင်း ၁၄ ပွဲမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးရတဲ့အခါတိုင်း နိုင်ပွဲမရှိတော့ဘဲ ၂ ပွဲသရေ၊ ၁၂ ပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို စတင်တန်းတက်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီကနေ အခုအချိန်အထိ ဘရိုက်တန်တို့ ယူနိုက်တက်ကို ၇ ပွဲအထိ အနိုင်ရခဲ့ပြီး ဒီကာလအတွင်း သူတို့ထက် နိုင်ပွဲအရေအတွက် ပိုများတာဆိုလို့ မန်စီးတီး (၈ ပွဲ) တစ်သင်းသာ ရှိပါတော့တယ်။