ဂိုးပေါက်ပျောက်၊ ကြောင်ပျောက်နေတဲ့ တိုက်စစ်မှုး ရပ်ရှ်ဖို့ဒ် ကို နစ္စတယ်လ်ရွိုင်း ကိုယ်တိုင် အနီးကပ် ထရိန်နင်ပေးနေပါပြီ
မန်ချက်စတာယူနိုက်တက်မှာ တန်ဟက် ရဲ့ အဖွဲ့ဝင်၊ လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်နေတဲ့ ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်လ်ရွိုင်းဟာ တိုက်စစ်မှုး ရပ်ရှ်ဖို့ဒ်ကို အရင်ကလို ထိပ်တန်းအဆင့်ခြေစွမ်းပြန်ရအောင် အားသွန်ခွန်စိုက် ထရိန်နင်ပေးနေပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၂-၂၃ ရာသီက ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းယူပြီးနောက်ပိုင်း ခြေစွမ်းက ဆိုးဆိုးရွားရွားကျဆင်းသွားခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အပြင် ဧပြီလအတွင်း လီဗာပူးလ်နဲ့ FA ဖလားပွဲမှာ ဂိုးသွင်းပြီးကတည်းက ဂိုးပေါက်ပျောက်နေတာဖြစ်ပါတယ်။

ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ရပ်ရှ်ဖို့ဒ်ဟာ ပွဲထွက် ကစားခွင့်ရခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်တာကြောင့် နည်းပြ အဲရစ်တန်ဟက်က သူ့ကို ဒုတိယပိုင်း ၆၅ မိနစ်မှာ ဂါနာချိုနဲ့လူစားလဲခဲ့ပါတယ်။
အခုအချိန်မှာတော့ နစ္စတယ်လ်ရွိုင်းက ရပ်ရှ်ဖို့ဒ်ကို အချိန်ပိုလေ့ကျင့်ခန်းဆင်းခိုင်းပြီး ပြိုင်ဘက်နဲ့တစ်ယောက်ချင်း ရင်ဆိုင်ကျော်ဖြတ်တဲ့အပိုင်းမှာ တိုးတက်မှုရှိအောင် လေ့ကျင့်စေခဲ့တယ်လို့ ဗြိတိန်သတင်တွေက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းကလည်း သူတို့အတွက် ဂိုး ၁၅၀ အထိ သွင်းယူခဲ့သူ နစ္စတယ်လ်ရွိုင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ပုံစံကောင်းပြန်ရအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
နစ္စတယ်လ်ရွိုင်းက ရပ်ရှ်ဖို့ဒ်ကို ပယ်နယ်တီဧရိယာအတွင်း ဘောလုံးဆွဲပြေးမှု၊ ဂိုးဧရိယာအနီးတစ်ဝိုက်မှာ ချိန်သားကိုက် လှုပ်ရှားတတ်အောင် အနီးကပ် သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။