စီးတီးမှာ ကစားဖူးပေမယ့် မန်ချက်စတာ ပြိုင်ဘက် ယူနိုက်တက်ထံ ပြောင်းဖို့ မငြင်းနိုင်တဲ့ စတာလင်

မန်ချက်စတာ စီးတီးအသင်းမှာ ၇ နှစ်ကြာကစားခဲ့တဲ့ အင်္ဂလန်သား တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ တစ်ချိန်က အခါးသီးဆုံးမြို့ခံပြိုင်ဘက်ဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် မငြင်းဆန်ခဲ့ပါဘူး။

လက်ရှိ ချယ်ဆီးအသင်းကစားသမား စတာလင်ဟာ နည်းပြဖြစ်သူ မာရက်စ်ကာနဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

မာရက်စ်ကာဟာ ပရီးမီးယားလိဂ်ရာသီအစပိုင်းပွဲတွေမှာ စတာလင်ကို အရန်လူစာရင်းမှာတောင် မထည့်သွင်းဘဲ ချန်လှပ် ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ သောကြာနေ့ကျရင် ပိတ်သိမ်းမဲ့ နွေရာသီအပြောင်းအရွှေ့မတိုင်ခင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်နေသူ ဆန်ချိုကို စတာလင်နဲ့အလိုက်ပေး ကမ်းလှမ်းဖို့ ဆန္ဒရှိနေပြီး စတာလင် ကိုယ်တိုင်ကလည်း အခွင့်အရေး ပေးလာမယ်ဆိုရင် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့အပေါ် မငြင်းဆန်ခဲ့ပါဘူး။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ စတာလင်ဟာ မန်စီးတီးကစားသမားဘဝမှာ ပရီးမီးယားလိဂ် ၄ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်အထိရရှိခဲ့ပြီး ယူနိုက်တက်နဲ့ပြိုင်ဘက်တွေအဖြစ် မကြာခဏရင်ဆိုင်ခဲ့ရဖူးပါတယ်။

စတာလင်ကို တခြားကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမဲ့ သူ့ရဲ့တစ်ပတ်လစာ ပေါင်၃၂၅,၀၀၀ ပမာဏကြောင့် အခက်တွေ့နေရပါတယ်။

အဲဒီလိုပဲ ဆန်ချိုကလည်း ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင် ၃၀၀,၀၀၀ အထိရရှိနေပြီး ဒါက ချယ်ဆီးအသင်းရဲ့ လစာငွေလျှော့ချရေး စီမံကိန်းနဲ့ အဆင်မပြေနိုင်ပါဘူး။

ဆန်ချိုကို ခေါ်ယူနိုင်ဖို့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းက နီးစပ်နေပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဆန်ချိုကို အပြီးသတ်မဟုတ်ဘဲ အငှားနဲ့သာ ခေါ်ယူသွားဖို့ရှိနေပါတယ်။