မန်ယူမှာ one-club man အဖြစ် ကစားခဲ့ပေမယ့် တခြားပြိုင်ဘက်ဆီ ပြောင်းချင်ကြောင်း ဝန်ခံလိုက်တဲ့ နဗီး
ပရီးမီးယားလိဂ်မှာ ယူနိုက်တက် တစ်သင်းတည်းအတွက် ကစားပေးခဲ့ပြီး one-club man အဖြစ် ကစားသမားဘဝ နိဂုံးချုပ်ခဲ့တဲ့ ဂယ်ရီနဗီးက မဟာပြိုင်ဘက် တစ်သင်းထံ ပြောင်းရွှေ့ ကစားလိုခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်မှာ ကစားသမား ဘဝ ပွဲ ၆၀၀ ကျော်ကစားခဲ့တဲ့ နဗီးဟာ ပရီးမီးယားလိဂ်ဖလား ၈ ကြိမ် အနိုင်ရခဲ့သလို ချန်ပီယံလိဂ်ဖလားလို ဥရောပဖလားကိုလည်း အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
အခုချိန်ထိ one-club man ကစားသမားဖြစ်ခဲ့တာကို ဂုဏ်ယူပေမယ့် နယ်မြေသစ်တွေမှာ စွန့်စားမှုသစ် ရယူဖို့ရာ စိတ်အားထက်သန်ခဲ့ကြောင်း နဗီးက အခုလို ပြောပြလာပါတယ်။
‘ မတူညီတဲ့ ဘာသာစကားရှိရာ အရပ်မှာ၊ ခြားနားတဲ့ လိဂ်တွေမှာ ပြောင်းရွှေ့ကစားကြသူတွေကို ကျနော် အထင်ကြီးပါတယ်။ ဒါပေမယ့် ကျနော်ကတော့ မပြောင်းဖြစ်ခဲ့ပါဘူး။ ယူနိုက်တက်အတွက် ကစားပေးရတာကို ကျနော် ဂုဏ်ယူခဲ့ပါတယ်။
အသက် ၃၀ အရွယ်တုန်းက ယူနိုက်တက်က စာချုပ်သစ်မပေးရင် ကလပ်မှာပဲ ကစားသမားဘဝ အနားယူမလား အခြားအသင်းကို ပြောင်းမလား ဆုံးဖြတ်ရဖို့ ဖြစ်ခဲ့တာကို မှတ်မိပါတယ်။ ’ လို့ သူက ပြောပါတယ်။
ဂယ်ရီနဗီးက ဘယ်အသင်းထံ ပြောင်းဖို့ နီးစပ်ခဲ့တာလဲ ဆိုတာကို မပြောပါဘူး။ ဒါပေမယ့် တွဲဖက် အစီအစဉ် တင်ဆက်သူ ကာရေဂါက တကယ်လို့ ယူနိုက်တက် မဟုတ်တဲ့ အသင်းတစ်သင်းမှာ ကစားရရင် ဘယ်အသင်းမှာ ကစားလိုလဲလို့ မေးခွန်းကောင်း မေးခဲ့ပါတယ်။
ဂယ်ရီနဗီးက ‘ ကျနော် အာဆင်နယ်ကို သွားချင်ပါတယ်။ အာဆင်နယ်က ကျနော် အများကြီး လေးစားရတဲ့ အသင်းပါ။ ဟိုက်ဘူရီမှာ ကစားတုန်းကဆိုရင် ဒီအသင်းက တကယ့်ကို အစဉ်အလာ ကောင်းတဲ့အသင်းပဲလို့ အမြဲ တွေးမိပါတယ် ’ လို့ ဖြေဆိုသွားတာ ဖြစ်ပါတယ်။