အကြောင်းတစ်ချက်ကြောင့် စတားလင်းကို မန်ယူက ခေါ်ဖို့ တိုက်တွန်း ထောက်ပြသွားတဲ့ EPL တိုက်စစ်သမားဟောင်း
ချယ်ဆီ တိုက်စစ်သမား ရာဟင်း စတားလင်း ကို မန်ချက်စတာ ယူနိုက်တက်က ဈေးကွက် မပိတ်ခင် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိကြောင်း သတင်း ထွက်နေပါတယ်။
ချယ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ စတားလင်းနဲ့ ဆန်ချို ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေကြပြီး ဆန်ချို က ဂျူဗင်တပ်နဲ့ ပြောင်းလဲ ရေပန်းစားလာသည့်တိုင် ယူနိုက်တက်က စတားလင်းကို ခေါ်ဖို့ စိတ်ဝင်စားနေဆဲပါ။
မန်စီးတီးနဲ့ လီဗာပူးတို့လို ပြိုင်ဘက်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန်သားကို ယူနိုက်တက်က ချိန်ရွယ်တာကြောင့် ဝေဖန်မှုတချို့ ရှိနေပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်း ထရွိုင် ဒီနေးကတော့ စတားလင်းဟာ ယူနိုက်တက်က ဘယ် တိုက်စစ် သမားထက် မဆို သာတယ် လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
” ရာဟင်း စတားလင်းက သူ့နေရာမှာဆို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်တိုက်စစ်သမားထက် မဆို သာပါတယ်။ သူက မားကပ် ရက်ဖို့ဒ်ထက် ပိုပြီး ဂိုးသွင်းနိုင်တယ်။ ဂါနာချို၊ ဒီယာလို တို့ကိုလည်း ပိုပြီး ဦးဆောင်မှု ပေးနိုင်တယ်။
စတားလင်း က မန်စီးတီးမှာလည်း ဆုဖလားတွေ အောင်မြင်ဖူးတယ်။ လီဗာပူးနဲ့လည်း အစွမ်းပြဖူးတယ်။ နိုင်ငံတကာ အဆင့်မှာ သူ စွမ်းဆောင်ခဲ့တာတွေကို ကြည့်ပြီး ယူနိုက်တက် လူငယ်တိုက်စစ်သမားတွေက သင်ယူနိုင်ကြမှာပါ။ ” လို့ ဒီနေးက သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။