ကမ္ဘာပေါ်မှာ လူလေးစားမှု အများဆုံးခံရတဲ့ ကလပ်ကို ပြောင်းလာရလို့ စိတ်လှုပ်ရှားရကြောင်း ဖွင့်ဟလာတဲ့ အူဂါတီ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ PSG ကွင်းလယ်လူ အူဂါတီကို ပေါင် ၅၀.၈ သန်းနဲ့ တရားဝင်ခေါ်ယူခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သူ အူဂါတီဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ဇွန်လအထိ စာချုပ် ချုပ်ဆိုခဲ့ပြီး သက်တမ်းပြည့်ရင် နောက်ထပ် ၁၂ လ စာချုပ်သစ် ချုပ်ခွင့် သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ယူနိုက်တက်အသင်းဟာ အူဂါတီအတွက် PSG အသင်းကို ပေါင် ၄၂.၃ သန်း အရင်ဆုံးပေးချေရမှာဖြစ်သလို အောင်မြင်မှုအပေါ် မူတည်ပြီးတော့ Add-ons ကြေးအဖြစ် ပေါင် ၈.၅ သန်းထပ်ပေးရမှာဖြစ်ပါတယ်။
အူဂါတီက “ကမ္ဘာပေါ်မှာ လူလေးစားမှု အများဆုံးက လပ်ဖြစ်တဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းမြောက်မိပါတယ်။ ယူနိုက်တက်အသင်းဘုတ်အဖွဲ့နဲ့ ကျွန်တော် တွေ့ဆုံစကားပြောဆိုခဲ့ပြီး သူတို့ရဲ့စီမံကိန်းတွေက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။”
“ယူနိုက်တက်အသင်းဟာ ရည်မှန်းချက်ကြီးမားတဲ့ ကလပ်ဖြစ်သလို ကျွန်တော်ကလည်း ရည်မှန်းချက်ကြီးတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေရဲ့ အသင်းအပေါ်ထားရှိတဲ့ စိတ်အားထက်သန်မှုကလည်း ဒီ အသင်းကို ပြောင်းရွှေ့ဖို့ ကျွန်တော့်အတွက် အရေးပါတဲ့ အချက်တစ်ခုဖြစ်တယ်။”
“ယူနိုက်တက်ပရိသတ်တွေဟာ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ပရိသတ်တွေလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိထားပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ခြေချခွင့်ရဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး . . .”
“ကျွန်တော်က အောင်မြင်မှုတွေရယူနိုင်ဖို့ ဆုံးဖြတ်ချက်ချထားသူဖြစ်ပြီး အသင်းဖော်တွေအတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့အားလုံးအတူလက်တွဲပြီးတော့ ဆုဖလားတွေရယူနိုင်ဖို့နဲ့ ယူနိုက်တက်အသင်း ရှိသင့်တဲ့အဆင့် ပြန်ရောက်အောင် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေကျရင် လီဗာပူးလ်နဲ့ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်း ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲအမှီ အူဂါတီကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီ စာရင်းမသွင်းနိုင်တဲ့အတွက် အူဂါတီဟာ လီဗာပူးလ်နဲ့ပွဲကို လွဲချော်မှာပဲဖြစ်ပါတယ်။