အာနယ်စလော့ လီဗာပူးကို ကိုင်ရတာက သူ မန်ယူရောက်စတုန်းကထက် လွယ်တာပေါ့ ဆိုတဲ့ အဲရစ် တန်ဟက်

မန်ယူ နည်းပြ အဲရစ်တန်ဟက်က လီဗာပူးလ်အသင်းမှာ နည်းပြသစ် အာနယ်စလော့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု၊ ဖိအားဒဏ်တွေဟာ လွန်ခဲ့တဲ့ ၂ နှစ် မန်ချက်စတာယူနိုက်တက်အသင်းကို သူ စတင်ကိုင်တွယ်ခဲ့ရတဲ့အချိန်တုန်းကနဲ့ နှိုင်းယှဉ်ရင် ပိုပြီးလွယ်ကူတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

စလော့ ဟာ ဒီရာသီအစကမှ ယာဂန်ကလော့ပ်ရဲ့နေရာကို အစားထိုးတာဝန်ယူခဲ့ပြီး ကလော့ပ် တည်ဆောက်ခဲ့တဲ့ အကောင်းဆုံးအသင်းကို အာနယ်စလော့ အမွေဆက်ခံခဲ့ရတာဖြစ်တယ်လို့ အဲရစ်တန်ဟက်က သုံးသပ်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟက်က “အာနယ်စလော့နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမပြောချင်ပါဘူး။ ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ အဆင့်တစ်ခုကို ရောက်နေတဲ့အသင်းဆိုတာ အားလုံးအသိပါပဲ။ သူတို့အသင်းဟာ တည်ငြိမ်ရင့်ကျက်ပြီး ကစားသမားတွေကလည်း နှစ်အကြာကြီး တွဲဖက်ကစားခဲ့သလို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။

ကျွန်တော်တို့အသင်းကတော့ ပြဿနာပေါင်းစုံရှိသလို အသင်းသစ်တစ်သင်းကို တည်ဆောက်နေရတာဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အဲဒီစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ချင်လို့ ယူနိုက်တက်ကို ရောက်လာတာပါ။

ကျွန်တော်က ဖလားလက်မဲ့ဖြစ်တာ ၆ နှစ်အထိကြာနေတဲ့အသင်းကို လက်လွှဲယူခဲ့ရတာဖြစ်ပြီး အသင်းရဲ့အနေအထား၊ ကစားသမားစုဖွဲ့မှုက အကောင်းဆုံးအခြေအနေမှာ မရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ ကျွန်တော်တို့အသင်းဟာ ပြင်ဆင်ပြောင်းလဲမှုတွေပြုလုပ်နေတဲ့ ကာလကို ရောက်ရှိနေပြီး အနာဂတ်အတွက် ရည်ရွယ်ပြီးတော့ အသင်းကို တည်ဆောက်သွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန်သား နည်းပြနှစ်ဦးဟာ တနင်္ဂနွေကျရင် ပရီးမီးယားလိဂ်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးလ်နည်းပြသစ် အာနေးစလော့တ်ရဲ့အရည်အချင်းကို အစမ်းသပ်ခံရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လတုန်းက အမေရိကန်ခြေစမ်းပွဲခရီးစဉ်မှာ အာနယ်စလော့ရဲ့ လီဗာပူးလ်အသင်းက ယူနိုက်တက်ကို ၃-၀ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။