လီဗာပူးကို ယူနိုက်တက် ဂိုးပြတ်ရှုံးတာ နည်းပြကြောင့်လား မေးခွန်းကို တန်ဟက် အပြတ် ငြင်းဆန်၊ သူ့အပြစ် မရှိဘူး အခိုင်အမာ ပြော
မနေ့က အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက် လီဗာပူးကို ၃-ဝ နဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြ အဲရစ်တန်ဟက်ကို ဒီနေ့ပွဲ ရှုံးတာ နည်းပြကြောင့်လား လို့ မေးခံခဲ့ရပြီး နယ်သာလန်သားကတော့ သူ့မှာ အပြစ် မရှိဘူးလို့ ယတိပြတ် ငြင်းဆန် ဖြေရှင်းလိုက်ပါတယ်။
သတင်းထောက် က ‘ ဒီနေ့ ရှုံးပွဲဟာ ကစားသမားတွေကြောင့်လား.. နည်းပြကြောင့်လား ‘ လို့ အရင် မေးခွန်းထုတ်ခဲ့တာပါ။
တန်ဟက် က ‘ ခင်ဗျား ဘာကို ဆိုလိုတာလဲ.. ကျွန်တော်တို့ ပုံမှန်လို လုပ်ဖြစ်နေတဲ့ အမှားတွေ ရှိလား၊ ရှိရင် ခင်ဗျား ပြော .. ‘ လို့ ပြန် မေးခွန်း ထောက်ခဲ့ပါတယ်။

သတင်းထောက် ကလည်း မဆိုင်းမတွပဲ ‘ ဘောလုံးကို ကိုယ့်ဧရိယာထဲမှာချည်း လှည့်ပြန် ယူနေတာ၊ နောက်တန်းကနေ ဘောလုံးကို စပေး၊ ကစားကွက် တည်နေတာ၊ တိုက်စစ် ဆင်ချင်ယောင် ဆောင်နေတာ၊ အခွင့်အရေးတွေက နောက်ကပဲ လာနေတာ၊ ကောင်တာ တိုက်စစ် ဆင်တိုင်း အသင်းက လူမရှိဘူး၊ အသင်းရဲ့ အကြီးဆုံး မဟာပြိုင်ဘက် အသင်းကိုမှ အိမ်ကွင်းမှာ မရေမတွက်နိုင်တဲ့ ဂိုးအခွင့်အရေးတွေ ပေးနေတာ။ ခင်ဗျားကို လေးစားမှု ရှိပါတယ် အဲရစ်.. ဒါပေမယ့် ဒါတွေ မြင်နေရတာ အတော်တောင် ကြာနေပြီ။ ‘ လို့ ချက်ချင်း ပြန်ထောက်ပြခဲ့ပါတယ်။
တန်ဟက် က ‘ ခင်ဗျား ပြောနေတာတွေ သေချာသလား ? ‘ လို့ မေးခွန်းကို ထပ်နင်းခဲ့ပြီး သတင်းထောက် ကလည်း ‘ လုံးဝ သေချာပါတယ်။ ‘ လို့ ပြန်ပြောခဲ့ပါတယ်။
တန်ဟက် က သူ့ ဖြေရှင်းချက် အဖြစ် ‘ ကျွန်တော်တော့ မထင်ဘူးဗျ။ ကျွန်တော်သာ လုပ်ပုံ မဟန်ရင် ပြိုင်ဘက်ကြီးတွေနဲ့ ရင်ဆိုင်ပြီး ဆုဖလားတွေ ဘယ်ယူနိုင်မလဲဗျာ။ ခင်ဗျား အတွက်တော့ ဆောရီးပါပဲ။ ကျွန်တော် မြင်တာနဲ့တော့ မတူဘူး ဖြစ်နေတယ်။
ကျွန်တော်တို့ အသင်းက (ဒီတလော နှစ်တွေ အတွင်း) အင်္ဂလန်မှာ မန်စီးတီး ပြီးရင် ဖလား အများဆုံး ယူထားတဲ့ အသင်းလို့ ထင်တာပဲဗျ။ ခင်ဗျား သိချင်တာတွေ ဖြေရှင်း မပေးနိုင်လို့ စိတ်မကောင်းပါဘူး။ ‘ လို့ ပြောဆိုကာ သူ့ အပြစ် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။