မန်ယူကွင်းလယ်သစ်က တိုနီခရူးစ် မဟုတ်ဘူးလို့ မျှော်လင့်တကြီး ဖြစ်နေတဲ့ ပရိသတ်တွေအား ပေါစခိုးလ် သတိပေး
မန်ယူ ကွင်းလယ်ဟောင်းကြီး ပေါလ် စခိုးက ယူနိုက်တက် ခေါ်ယူလိုက်တဲ့ ကွင်းလယ်သစ် မန်နူရယ် အူဂါတီနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေက ရှိနေပြီးဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ဥရုဂွေးသားဟာ မန်ချက်စတာယူနိုက်တက်ကို တိုးတက်အောင် လုပ်ပေးနိုင်မယ့်ကစားသမားမျိုးဖြစ်လာဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
အူဂါတီဟာ ပြီးခဲ့တဲ့အပတ်ကမှ ပီအက်စ်ဂျီကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၅၀.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့က လီဗာပူးလ်နဲ့ မကစားခင် အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ခြင်းခံခဲ့ရချိန်မှာ နွေးထွေးတဲ့ကြိုဆိုမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ လီဗာပူးလ်နဲ့ပွဲကို ဝင်ကစားပေးဖို့ အချိန်မီ မှတ်ပုံတင်နိုင်ခြင်းမရှိခဲ့တာကြောင့် ပွဲကြည့်စင်ကနေသာ ပွဲကို ကြည့်ရှုခဲ့ရပြီး တန်ဟက်ရဲ့အသင်းက ၃-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ အဲရစ် တန်ဟက်ရဲ့ ကွင်းလယ်မှာ ပျောက်ဆုံးနေတဲ့ မာကျောမှုမျိုး အူဂါတီက ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပြီဖြစ်ပါတယ်။

ဒါပေမယ့် ပေါလ် စခိုးက မန်ယူနိုက်တက်ပရိသတ်တွေကို ဥရုဂွေးကွင်းလယ်ကစားသမားက ကွင်းလယ်ကနေ ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့်သူမျိုးလို့ အကြီးကြီး မမျှော်လင့်ထားကြဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
“သူက ကစားသမားကောင်းတစ်ယောက် ဖြစ်လာရမှာပါ။ သူက သူ့နေရာမှာ ကောင်းကောင်း ကစားနိုင်မယ်လို့ ထင်ပါတယ်။ သူက အသက် ၂၃ နှစ်ပဲ ရှိသေးတယ်။ သူနဲ့ပတ်သက်ပြီး ခင်ဗျားကို နည်းနည်း စိုးရိမ်စေမယ့်အရာက သူ ကစားပေးခဲ့တာက အသင်း အနည်းငယ်ပဲ ရှိခဲ့တာပါ။
ဒါပေမယ့် သူ့နေရာမှာတော့ သူ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူက ကျွန်တော်တို့ မြင်တွေ့ခဲ့ရသလောက်တော့ အဲဒီဧရိယာမှာ အရမ်းလွှမ်းမိုးထားနိုင်မယ်မထင်ဘူး။ နည်းနည်းတော့ ပိုပြီး စည်းကမ်းတကျကစားနိုင်မယ်။ သူက ဟာကွက်တွေကို လိုက်ပြီး ဖာထေးနိုင်မယ်။
ဒါက သူကစားပေးရမယ့်အခန်းကဏ္ဍဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ သူက အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်ဖြစ်လာမယ်လို့ မထင်ဘူး။ သူက တိုနီ ခရူးစ်လို ကစားသမားမျိုးဖြစ်လာမယ်တော့ မထင်ပါဘူး။ တန်ဟက်က ကွင်းလယ်မှာ စည်းစနစ်တကျ ကစားနိုင်တဲ့ကစားသမားမျိုး လိုအပ်နေတာပါ။
သူက အဲဒါကို မြင်တွေ့ခဲ့ပြီးသားဖြစ်မှာပါ။ ကက်စမီရိုက အဆင်ပြေပါတယ်။ အရမ်းခြေမကောင်းပါဘူး။ မိန်းနူးက အားကစားသမားတစ်ယောက်အနေနဲ့တော့ အရမ်းကြီး မတောင့်တင်းဘူးလို့ ထင်တယ်။ သူက သူ့ရဲ့ ခြေယောင်ပြ လှည့်ကွက်တွေနဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်းအပေါ်မှာ ပိုပြီး အားကိုးပြီး ကစားတဲ့သူမျိုးပါ။
အူဂါတီကတော့ အရာအားလုံးပဲ ဖြစ်ရပါလိမ့်မယ်။ သူက ဒီအသင်းကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် ကစားသမားမျိုး ဖြစ်ရမယ်။ အဲဒါက သူ လုပ်ဖို့ရှိနေတဲ့ တာဝန်ပဲ။ ကျွန်တော်ကတော့ တခြားဟာ မမြင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းက အူဂါတီရဲ့ ကလပ်အသင်းအဆင့် မှတ်တမ်းတွေကြောင့် စိုးရိမ်နေတာဖြစ်ပြီး ဥရုဂွေးကွင်းလယ်ကစားသမားဟာ စပို့တင်းမှာ ၂ ရာသီ၊ ပီအက်စ်ဂျီမှာ ၁ ရာသီသာ ကစားပေးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။