တန်ဟက်ကို မထုတ်ဘဲ အချိန်ပေးပါဦးလို့ ဆာအဲလက်စ်၊ ကလော့ပ်တို့နဲ့ ဥပမာပေး နားချနေတဲ့ နဗီး

အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က နည်းပြ တန်ဟက်ကို ချက်ချင်း မထုတ်ပယ်သင့်ဘဲ အချိန် တစ်ခု ဆက်ပေး စောင့်ကြည့်သင့်တယ် လို့ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးကတော့ တိုက်တွန်းလိုက်ပါတယ်။

နဗီးက ဆာအဲလက်စ် ဖာဂူဆန်နဲ့ ယာဂင်ကလော့ပ် လို နည်းပြတွေတောင် ဆုဖလား မရတဲ့ ရာသီတွေကို ဖြတ်သန်းပြီး အချိန်ယူခဲ့ရကြောင်း နှိုင်းယှဉ်သွားခဲ့တာပါ။

ဂယ်ရီနဗီး က ” အမှတ်ပေးဇယား အဆင့် ၈ နေရာက လက်ခံနိုင်စရာ မရှိဘူး၊ ဒါပေမယ့် ၂နှစ် ဖလား ၂ လုံး ရခဲ့တယ်လေ။မန်ချက်စတာ ယူနိုက်တက် သမိုင်းမှာ ဘာဆုဖလားမှ မရဘဲ ဖြတ်သန်းခဲ့ရတဲ့ ရာသီတွေတောင် ရှိပါတယ်။

ဆာအဲလက်စ် ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၆ နှစ် ၇ နှစ် အချိန်ယူခဲ့ရတာ၊ ကလော့ပ်လည်း ၅နှစ် ၆နှစ်၊ အာတီတာ ဆိုလည်း ခရီးရှည်ကြီး သွားနေရတုန်းပဲ။ ” လို့ ထောက်ပြခဲ့ပါတယ်။

ဆက်လက်ပြီး နဗီးလ်က ” နည်းပြတန်ဟက်က ဖိအားတွေရှိနေပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို ခရစ္စမတ်ထိတော့ အချိန်ပေးသင့်တယ် ထင်ပါတယ်။ သူ့ကို အချိန်ဆက်ပေးဖို့တော့ လိုပါမယ်။ INEOS နဲ့ အဖွဲ့က တန်ဟက်ကို အချိန်ဆက်ပေးမှာ ကျနော် သံသယမရှိပါဘူး။

ယူနိုက်တက် စီအီးအို ဘာရာဒါတို့အဖွဲ့က တန်ဟက်ကို ရာသီစမှာတင် ရာထူးက ထုတ်ပယ်ရလောက်အောင် မပိန်းလောက်ပါဘူး။ ၃ လ ၄ လလောက်တော့ သူတို့တွေ တန်ဟက်ကို ဆက်ထိန်းရမှာပါ။

ခရစ္စမတ်လောက်မှာ ယူနိုက်တက်က ဇယားအလယ်လောက်မှာပဲ ဆက်ရှိနေလို့မရပါဘူး။ အဲ့အချိန် မတိုင်ခင်တော့ သူတို့တွေ တန်ဟက်ကို လအနည်းငယ် အချိန်ပေးရပါမယ် ” လို့ သုံးသပ်တိုက်တွန်းခဲ့ပါတယ်။