ကတ်စ်မဲရိုး စိတ်ပျက်စွာနဲ့ အိမ်ပြန်သွားတယ်ဆိုတဲ့ သတင်းတွေကို နည်းပြ အဲရစ်တန်ဟက် ငြင်းပယ်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က တနင်္ဂနေါနေ့က လီဗာပူးလ်နဲ့ပွဲ၊ ပထမပိုင်းအပြီးမှာ ကတ်စ်မဲရိုးဟာ ကွင်းထဲကနေ ထပြန်သွားတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန် ပယ်ချခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ လီဗာပူးလ်နဲ့ပွဲမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အတွင်း ဘောလုံးဆုံးရှုံးမှု ၁၃ ကြိမ်အထိရှိခဲ့သလို လီဗာပူးလ်အသင်း သွင်းယူခဲ့တဲ့ အဖွင့် ၂ ဂိုးစလုံးက သူ့အမှားကနေ ပေးခဲ့ရတာဖြစ်ပါတယ်။

အဲဒါကြောင့် အဲရစ်တန်ဟက်ဟာ ပထမပိုင်းပြီး ပြီးချင်းမှာပဲ ကတ်စ်မဲရိုးကို လူငယ်ကွင်းလယ်လူ ကော်လီယာနဲ့ လူစားလဲခဲ့ရပြီး ကတ်စ်မဲရိုးဟာ ပွဲမပြီးခင်မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ စိတ်ပျက်လက်ပျက်အမူအရာနဲ့ ထွက်ခွာခဲ့တဲ့ ရုပ်သံဖိုင်က လူမှုကွန်ရက်တွေပေါ်မှာ လူကြည့်များနေပါတယ်။

ဒါပေမဲ့လည်း အဲရစ်တန်ဟက်က “ပွဲပြီးတော့ အဝတ်လဲခန်းထဲမှာ ကတ်စ်မဲရိုးနဲ့ကျွန်တော် ဆုံတွေ့ခဲ့တာကြောင့် ပွဲမပြီးခင် သူ ပြန်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ သူ့ကို လူစားလဲရတဲ့ အကြောင်းက ကျွန်တော်တို့အသင်းဟာ ၂-၀ ဂိုးပြတ် ရှုံးနေပြီဖြစ်သလို လီဗာပူးလ်လို ထိပ်တန်းအဆင့်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ပွဲမျိုးမှာ Come Back ပြန်လာနိုင်ဖို့အတွက် စွန့်စားမှု တစ်ခု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။”

“ကတ်စ်မဲရိုးဟာ ကိုယ်ကျင့်စရိုက်ကောင်းမွန်တဲ့သူတစ်ဦးဆိုတာ မကြာခဏပြသခဲ့ပြီးဖြစ်ပါတယ်။ သူ့ဆီကနေ အကောင်းဆုံးအချိန်တွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်သလို အဲဒီအနေအထားရောက်အောင် ကတ်စ်မဲရိုး ပြန်လည်စွမ်းဆောင်ပြနိုင်ပါလိမ့်မယ်။ ”

“ကတ်စ်မဲရိုးရဲ့ ကစားသမားဘဝတစ်လျှောက်မှာလည်း မရဖူးတဲ့ဆုဖလားဆိုတာ မရှိသလောက်ပါပဲ။ သူဟာ အသင်းအတွက် ပါဝင်ပေးဆပ်သွားမှာဖြစ်ပြီး အောင်မြင်မှုတွေလည်း ဆက်လက်ရယူသွားဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲအပြီးမှာ ယူနိုက်တက်ဂန္ထဝင်ကစားသမားတချို့အပါအဝင် အသင်းပရိသတ်တွေက ကတ်စ်မဲရိုးရဲ့ခြေစွမ်းအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက ကတ်စ်မဲရိုးဟာ ဘောလုံးသမားဘဝကနေ အနားယူဖို့ကောင်းပြီလို့ ဝေဖန်ခဲ့ကြပါတယ်။

အဲဒါကြောင့် ကတ်စ်မဲရိုးရဲ့ဇနီးဖြစ်သူ အန်နာမာရီယာနာကတ်စ်မဲရိုးက အွန်လိုင်းပေါ်က လှောင်ပြောင်ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ သူမရဲ့ Instagram မှာ ကတ်စ်မဲရိုး ရရှိခဲ့တဲ့ ဆုဖလားတွေနဲ့ဓာတ်ပုံကို ပို့စ်ပြန်တင်ခဲ့ပါတယ်။