ဘရူနိုဖာနန်ဒက်စ်ကို မန်ယူ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားသင့်ပြီလို့ တိုက်တွန်းလိုက်တဲ့ နာမည်ကြီး နည်းပြဟောင်း

နည်းပြ အဲရစ်တန်ဟက် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားသင့်နေပြီလို့ ပရီးမီးယားလိဂ် နာမည်ကြီး နည်းပြဟောင်း အလန်ပါဂျူးက တိုက်တွန်းလိုက်ပါတယ်။

အဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားနေရာမှာ ဘရူနိုဖာနန်ဒက်စ်ကို အစားထိုးခန့်အပ်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ အသင်းခေါင်းဆောင်စွမ်းရည်အပေါ် ဝေဖန်သံတွေထွက်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးလ်ကို ၃-၀ ဂိုးနဲ့ရှုံးတဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ အလန်ပါဂျူးက ဘရူနိုဖာနန်ဒက်စ်ကို လွတ်လွတ်လပ်လပ် ကစားနိုင်အောင် အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားသင့်ပြီလို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ပါဂျူးက “ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားလိုက်ရင် သူ့အတွက် ပိုကောင်းမယ်လို့ ကျွန်တော် ယူဆပါတယ်။”

“အဲဒါမှလည်း ဘရူနိုဖာနန်ဒက်စ်ဟာ စိတ်လွတ်လက်လွတ်နဲ့ ပေါ့ပေါ့ပါးပါး ဘောလုံးကစားနိုင်မှာပါ။ အခု ဘရူနိုဖာနန်ဒက်စ်က အသင်းခံစစ်ကို စိုးရိမ်ရ၊ တောင်ပံကစားသမားတွေကိုလည်း စိတ်ပူနေရတဲ့ပုံပေါက်နေပါတယ်။”

“အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒါတွေကို လိုက်ပူပန်နေရပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူကိုယ်တိုင် မသိသလို ကျွန်တော်လည်း မသိပါဘူး။ အဲဒီပြဿနာတွေက ဘရူနိုဖာနန်ဒက်စ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလန်ပါဂျူးက က ဝက်စ်ဟမ်း၊ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ် စတဲ့ ပရီးမီးယားလိဂ် ကလပ်တွေမှာ နည်းပြသွားတဲ့ နာမည်ကျော် နည်းပြဟောင်း တစ်ဦး ဖြစ်ပါတယ်။