ဒီည အင်္ဂလန်အသင်းနဲ့ အတူ ပွဲထွက်ခွင့် ပြန်ရတော့မယ့် အပယ်ခံ ယူနိုက်တက် အသင်းသား

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ အင်္ဂလန်ယာယီနည်းပြ လီ ကာစလေရဲ့ ပထမဆုံး တာဝန်ယူ ကိုင်တွယ်သွားမယ့် ဒီည အိုင်ယာလန်နဲ့ ပွဲစဉ်မှာ အင်္ဂလန် ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ကစားခွင့် ရရှိသွားမယ်လို့ သိရပါတယ်။

အင်္ဂလန်ဟာ ယနေ့ညမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဒပ်ဘလင်ကို သွားရောက်ပြီး အိုင်ယာလန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အင်္ဂလန်ယူ-၂၁ နည်းပြဟောင်း ကာစလေက နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ကာစလေဟာ ဆောက်ဂိတ်နဲ့ အလွန် ကွဲပြားခြားနားတဲ့ နည်းဗျူဟာပိုင်း အတွေးအခေါ်မျိုး ရှိသူဖြစ်ပြီး အပြောင်းအလဲတွေ အများအပြား ပြုလုပ်ထားပြီးဖြစ်သလို တစ်ခါမှ လက်ရွေးစင်အတွက် မကစားဖူးတဲ့ ကစားသမား ၄ ဦးအထိလည်း ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရသာဆိုရင် ကာစလေရဲ့ ပထမဆုံး ပွဲထွက် ၁၁ ဦးလူစာရင်းဟာ စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲက ပွဲထွက်လူစာရင်းကို အနည်းဆုံး ၅ နေရာအထိ အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီထဲက ကစားသမားတွေဟာ ဂျုဒ် ဘယ်လင်ဟမ်၊ ဖိုဒန်၊ လုခ်ရှောတို့ ဖြစ်ပြီး ဒီကစားသမားတွေဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်တာဖြစ်သလို ကိုင်လီ ဝေါ်ကာကလည်း လူစာရင်းထဲကနေ နုတ်ထွက်ထားတာဖြစ်ပါတယ်။

The Athletic သတင်း အဆို အရ အဲဒီကစားသမားတွေနေရာမှာ ဂရီးလစ်ရှ်၊ လီဗိုင်း ကိုဝီလ်၊ အာနိုးတို့ ပွဲထွက်ပါဝင်ကစားပေးသွားမှာဖြစ်ပြီး လူစာရင်းထဲမှာ တစ်ဦးတည်းသော ဘယ်သန်ကစားသမားဖြစ်တဲ့ ချဲလ်ဆီးနောက်ခံလူက ဘယ်နောက်ခံနေရာမှာ ကစားပေးနိုင်မှာဖြစ်ပါတယ်။

မာ့စ် ဂေးဟီကတော့ ဂျာမနီမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီးနောက် ဗဟိုခံစစ်က ပွဲထွက်ကစားသမားနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပေမယ့်လည်း အံ့အားသင့်စရာ ဆုံးဖြတ်ချက် တစ်ခုအဖြစ် ဂျွန်စတုန်းစ်အစား မက်ဂွိုင်းယားက ဗဟိုခံစစ်မှာ ပွဲထွက်လာမယ်လို့ သိရပါတယ်။

ဆောက်ဂိတ်လက်ထက်မှာ မက်ဂွိုင်းယားဟာ မကြာခဏ ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ပစ်မှတ်ထား ဝေဖန်ခြင်းခံခဲ့ရပြီး ဂေးဟီနဲ့ စတုန်းစ်တို့အတွဲဟာ အင်္ဂလန်ဗဟိုခံစစ်အတွက် အပြီးပြည့်စုံဆုံး အတွဲဖြစ်လာမယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီ ကာစလေက ဒီည အိုင်ယာလန်နဲ့ ပွဲမှာ မက်ဂွိုင်းယားကို ပွဲထွက်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။