စကော့တလန်နဲ့ပွဲမှာ ထိခဲ့တဲ့ သူ့ ဒဏ်ရာ အကြောင်း အသိပေးလာတဲ့ ဘရူနို ဖာနန်ဒက်စ်
ဒီမနက် ပေါ်တူဂီအသင်းရဲ့ စကော့တလန်ကို ၂-၁ နဲ့ နိုင်တဲ့ နေးရှင်းလိဂ် ပွဲစဉ် ပြီးခါနီးမှာ ဘရူနို ဖာနန်ဒက်စ်က နာသွားဟန် ရှိခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါတယ်။
ဒါပေမယ့် ပေါ်တူဂီသားကတော့ နည်းနည်းပါးပါး ပါပဲ လို့ လျှော့ပေါ့ ပြောဆိုခဲ့ပါတယ်။ လစ္စဘွန်းမှာ ကန်ခဲ့တဲ့ ဒီပွဲမှာ ပေါ်တူဂီက တော်မီနေးရဲ့ ၇ မိနစ်က သွင်းဂိုးကြောင့် အရေးနိမ့်နေခဲ့သေးပြီး ဒုတိယပိုင်းမှ ဘရူနိုနဲ့ ရော်နယ်ဒို တို့ သွင်းဂိုးတွေကြောင့် နိုင်ပွဲ ရခဲ့တာပါ။
ရော်နယ်ဒိုရဲ့ ပွဲချိန် ၈၈ မိနစ်မှ သွင်းတဲ့ အနိုင်ဂိုး မတိုင်ခင်မှာ ဘရူနိုက ခြေကျင်းဝတ်နာပြီး ရုန်းကန်နေရဟန် တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲပြီးသည်ထိ ၎င်းက ဆက်လက် ကစားနေခဲ့ပါတယ်။
ပွဲအပြီးမှာ ဒဏ်ရာ အခြေအနေကို မေးမြန်းခဲ့ရာ ယူနိုက်တက် အသင်းခေါင်းဆောင်က အခုလို တုန့်ပြန်ခဲ့ပါတယ်။
” အိုကေပါတယ်။ ကျွန်တော် နည်းနည်း ခြေခေါက်သလို ဖြစ်သွားလို့ပါ။ ” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောဆိုခဲ့တာပါ။
” စကော့တလန်က ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ပါ။ ကြံ့ခိုင်မှုလည်း ရှိတယ်။ အတော် အန္တာရယ်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ အတွက် ပြီးပြည့်စုံတဲ့ အနေအထားတော့ မဟုတ်ခဲ့ဘူး။
ခက်ခဲတာ ဒိထက် နည်းနည်းလေး လျော့ရင် ကျွန်တော်က ပိုကြိုက်တာပေါ့ဗျာ။ ” လို့လည်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။