မန်ယူပွဲ မရှိတဲ့ သီတင်းပတ်မှာတောင် ရှုံးပွဲ ဆက်နေသေးတဲ့ နည်းပြ အဲရစ်တန်ဟက်

စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်ထဲမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ သူ့ရဲ့ ဇာတိ နယ်သာလန်သို့ ပြန်သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ နည်းပြ တန်ဟက်ဟာ နယ်သာလန်ကလပ် Utrecht အသင်းအတွက် ၁ ပွဲ သွားရောက် ကိုင်တွယ်ပေးခဲ့တာပါ။ အဲ့တာက Utrecht ကစားသမားဟောင်း ဗန်ဒန်မာရိုရဲ့ နှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။

၂၀၁၅-၂၀၁၇ ခုနှစ်တွေအတွင်း တန်ဟက် လက်အောက်မှာ ကစားခဲ့တဲ့ Utrecht အသင်းသားတွေနဲ့ လက်ရှိ ကစားနေတဲ့ အသင်းသားတွေကြား ချစ်ကြည်ရေး သဘော ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီပွဲမှာ နည်းပြ တန်ဟက်တို့ရဲ့ အသင်းက ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ တန်ဟက်က –

” ကျနော်က ဗန်ဒန်မာရိုအတွက် မန်ချက်စတာကနေ ဒီကို ပြန်လာခဲ့တာပါ။ နောက်ပြီး Utrecht အသင်းအတွက်ကောပါပဲ။ ကျနော်တို့တွေ ဒီအသင်းမှာ ခက်ခဲတာတွေကို လုပ်ပြခဲ့သလို သူ့အတွက် နှုတ်ဆက်မှုလေး လုပ်ပေးချင်လို့ ဒီကို ပြန်လာခဲ့တာပါ ” လို့ ဆိုခဲ့ပါတယ်။

တန်ဟက်က လက်ရှိမှာ မန်ချက်စတာသို့ ပြန်သွားပြီဖြစ်ကာ နိုင်ငံတကာသီတင်းပတ် အပြီး ယှဉ်ပြိုင်ရမယ့် ဆောက်သမ်တန်ပွဲအတွက် ကြိုတင် ပြင်ဆင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရာသီအစ ၃ ပွဲမှာတင် ၂ ပွဲကို ရှုံးနိမ့်ထားတာကြောင့် နည်းပြ တန်ဟက်ရဲ့ ရာထူးနေရာက မရေမရာဖြစ်နေတာပဲ ဖြစ်ပါတယ်။