မန်ယူအတွက် သူပြောခဲ့တာတွေ မှန်တယ်မလား လို့ ပြန်ထောက်ပြနေတဲ့ နည်းပြဟောင်း ရန်နစ်ခ်
မန်ယူ နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ဂျာမန်ဝါရင့်နည်းပြကြီး ရန်နစ်ခ်က မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး သူ ဝေဖန် ထောက်ပြခဲ့တာတွေက အားလုံးအမှန်တွေဖြစ်တယ်လို့ ပြန် ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သူ ရန်နစ်ခ်ဟာ ၂၀၂၁-၂၂ ရာသီက နည်းပြရာထူးကနေ ဆိုးလ်ရှား အထုတ်ခံရချိန်မှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ၂၉ ပွဲကိုင်တွယ်ခဲ့ပြီး အဲဒီရာသီ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရမှတ် ၅၈ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။
၂၀၂၂ ဧပြီလအတွင်း လီဗာပူးလ်ကို ၄-၀ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲအပြီးမှာ ရန်နစ်ခ်က အခုလို ပြောခဲ့ဖူးပါတယ်။
“ယူနိုက်တက်အသင်းမှာ ပြင်ဆင်ရမဲ့ ပြဿနာတွေအများကြီးရှိတယ်ဆိုတာ အထင်အရှားတွေ့နိုင်ပါတယ်။ ရှင်းရှင်းပြောရင် တစ်သင်းလုံးကို ခွဲစိတ်ပြီးတော့ ပြုပြင်ရမဲ့အနေအထားမျိုးပါပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရန်နစ်ခ်နဲ့လမ်းခွဲပြီးတဲ့နောက် ၂၀၂၂-၂၃ ရာသီမှာ အဲရစ်တန်ဟက်ကို နည်းပြသစ် ခန့်အပ်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေက တိုးတက်မှု မရှိလာသေးဘဲ ပြီးခဲ့တဲ့ရာသီက ရမှတ် ၆၀ နဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် ၈ နေရာနဲ့အဆုံးသတ်ခဲ့ရပါတယ်။
ဒီရာသီမှာလည်း ယူနိုက်တက်တို့ အခြေအနေ မကောင်းဘဲ ပွဲစဉ် ၃ ပွဲသာ ကစားရပြီးချိန်မှာပဲ ၂ ပွဲရှုံးခဲ့ပြီး အခု ရန်နစ်ခ်က ယူနိုက်တက်ရဲ့ဒဏ်ရာကို ဆားနဲ့ပက်သလိုဖြစ်စေမဲ့ စကားပြောခဲ့တာဖြစ်ပါတယ်။
TV2 ရုပ်သံနဲ့အင်တာဗျူးမှာ ရန်နစ်ခ်က “ယူနိုက်တက် တစ်သင်းလုံးကို Operation လုပ်သလို ခွဲစိတ်ပြုပြင်ဖို့ လိုအပ်နေပြီလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။
ယူနိုက်တက်နည်းပြအဖြစ် အဲရစ်တန်ဟက် စတင်ကိုင်တွယ်ပြီး ၂ ပတ် ၃ ပတ်အကြာမှာပဲ ကျွန်တော်ပြောခဲ့တာ မှန်နေပြီလားလို့ မီဒီယာတွေက မေးခွန်းထုတ်ချိန်မှာ အဲရစ်တန်ဟက်ကိုယ်တိုင်က ကျွန်တော့်ရဲ့ထောက်ပြချက်ဟာ မှန်ကန်မ အပြည့် ရှိတယ်ဆိုလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ကျွန်တော် မရှိတော့တဲ့နောက်ပိုင်း ယူနိုက်တက်အသင်း ကစားသမားသစ် ဘယ်သူတွေကို ထပ်ခေါ်လဲဆိုတာ မသိတော့ပေမဲ့ ကျွန်တော့်ရဲ့ထောက်ပြချက်ကတော့ လုံးဝမှန်ကန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ရန်နစ်ခ်ဟာ ယူနိုက်တက်နဲ့လမ်းခွဲပြီးတဲ့နောက် သြစတြီးယား အသင်း နည်းပြအဖြစ် ဆောင်ရွက်နေပြီး,ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတုန်းက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သြစတြီးယားအသင်းကို အုပ်စုပထမနေရာနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။