ဆောက်သမ်တန်ကိုပါ မန်ယူ ရှုံးရင် အဲရစ်တန်ဟက် ပြုတ်မယ် လို့ ကြိုတင် ပြောလိုက်တဲ့ တိုက်စစ်မှုးဟောင်း
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် အဲရစ်တန်ဟက် တစ်ယောက် နည်းပြအဖြစ် ဆက်ရှိဖို့ မသေချာတော့ဘူးလို့ သရဲနီ တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက သုံးသပ်ပြောဆို ခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ဖူလ်ဟမ်ကို အသည်းအသန်ကစားပြီးမှ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့လည်း ဘရိုက်တန်၊ လီဗာပူးလ်တို့ကို ဆက်တိုက် ရှုံးခဲ့တာပါ။
အရှုံးရလဒ် အပြင် အသင်းရဲ့စွမ်းဆောင်ရည်က စိတ်ပျက်စရာ ကောင်းခဲ့တာကြောင့် အဲရစ်တန်ဟက်ဟာ ယူနိုက်တက်အသင်းအတွက် မှန်ကန်တဲ့နည်းပြတစ်ဦးမှ ဟုတ်ရဲ့လားဆိုတာ မေးခွန်းတွေထွက်ပေါ်နေပါတယ်။
အဲဒါကြောင့် ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာက ဆောက်သမ်တန်နဲ့ပွဲဟာ အဲရစ်တန်ဟက်ရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးမဲ့ ပွဲဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

အင်တာဗျူးမှာ မီဒီယာတွေက ဆောက်သမ်တန်နဲ့ပွဲမှာသာ ယူနိုက်တက် ရှုံးနိမ့်မယ်ဆိုရင် အဲရစ်တန်ဟက်ရဲ့နည်းပြအနာဂတ် အဆုံးသတ်သွားနိုင်မလားလို့ မေးခွန်းထုတ်ခဲ့တော့ ဆာဟာက
“ကျွန်တော်လည်း အဲဒီလိုပဲထင်ပါတယ်။ လီဗာပူးလ်နဲ့ပွဲတုန်းက ရလဒ်ထက် ယူနိုက်တက်အသင်း စွမ်းဆောင်ရည်က အဓိကပြဿနာဖြစ်ခဲ့တာပါ ။
သူ့အသင်းက ခြေစွမ်းမပြနိုင်တာကြောင့် အဲရစ်တန်ဟက် ဖိအားများနေပါတယ်။ လာမဲ့စနေနေ့ပွဲကျရင်လည်း ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးလ်အသင်းလို ဆောက်သမ်တန်က ယူနိုက်တက်အသင်းကို အသာစီးကနေ ကစားပြသွားမယ်ဆိုရင် အဲရစ်တန်ဟက်အတွက် အခြေအနေ မကောင်းနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲတွေအပြီး လာမဲ့စနေနေ့ကျရင် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲရစ်တန်ဟက်အနေနဲ့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါပြီ။