မန်ယူကို ချစ်လို့ ပြောတာ၊ တန်ဟက်နဲ့တော့ မဖြစ်နိုင်ဘူး ဆိုတဲ့ သရဲနီဟောင်းကြီး စီ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် နည်းပြအဲရစ်တန်ဟက် ပြောခဲ့ဖူးတဲ့ စကားတခွန်း အပေါ် ထောက်ပြ ဝေဖန်လိုက်ပြီး သူကလည်း ကလပ်ကို ချစ်လို့ ပြောရတာပါ ဆိုတဲ့ အကြောင်း ဖွင့်ဟလာပါတယ်။

တန်ဟက်နဲ့ အတူ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်သမိုင်းတွင် အဆိုးရွားဆုံး အဆင့်အဖြစ် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ အပြင် ယခုရာသီတွင်လည်း ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲတွင် ၂ ပွဲ ရှုံးနိမ့်ထားမှုကြောင့် ဖိအားများအောက်သို့ ကျရောက်နေပါတယ်။

ယူနိုက်တက်တွင် ၂ ကြိမ် ကစားခဲ့တဲ့ Al Nassr တိုက်စစ်ကြယ်ပွင့် ရော်နယ်ဒို ဟာ အဲရစ်တန်ဟက်ရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဝေဖန်လာခဲ့တာပါ။ တန်ဟက်က ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် လို ဆုဖလားတွေ ယူဖို့ အသင့် မဖြစ်သေးဘူး ပြောခဲ့ဖူးပါတယ်။

စီ ရော်နယ်ဒိုက “လိဂ်နဲ့ ချန်ပီယံလိဂ်ကို မရယူနိုင်ဘူးလို့ နည်းပြ တစ်ယောက် အနေနဲ့ သွားပြောလို့ မရဘူး။ ယူနိုက်တက်နည်းပြတစ်ဦးအနေနဲ့ လိဂ် (သို့မဟုတ်) ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲမဝင်နိုင်ဘူးတို့၊ မရနိုင်ဘူးတို့ဆိုပြီး သွားပြောလို့မရဘူး။

ကျွန်တော်တို့ ဘာမှ လုပ်နိုင်ခြေမရှိတာ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒါကြီးကို လူသိရှင်ကြား သွားပြောလို့ မရဘူး။ ကြိုးစားရမယ်။ မဆုတ်တမ်း ကြိုးစားရမယ်။ ကျွန်တော်က ယူနိုက်တက်ကို အကောင်းဆုံးအသင်းပဲ ဖြစ်စေချင်တာပါ။ ဒီကလပ်ကို ချစ်တယ်။ အတိတ်ကို မေ့တတ်တဲ့သူမျိုး မဟုတ်ပါဘူး”လို့ ရီယိုဖာဒီနန်နှင့် ပြုလုပ်တဲ့ Podcast အစီအစဉ်မှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာ ပထမအကြိမ် ယူနိုက်တက်တွင် ၆ ရာသီ ကစားစဉ်တုန်းက ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ကလပ်ကမ္ဘာ့ဖလားနှင့် ကွန်မြူနတီဒိုင်းတို့လည်း ဆွတ်ခူးခဲ့ပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းသွားပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဂျူဗင်တပ်မှ ပြန်ပြောင်းလာခဲ့ပါတယ်။

အဲဒီနောက် ယူနိုက်တက်အတွက် ၃၄၆ ပွဲကစားကာ ၁၄၅ ဂိုးသွင်းယူပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆော်ဒီကလပ် Al Nassr သို့ ပြောင်းသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ Al Nassr သို့ မပြောင်းမီ ပီယာ့စ်မော်ဂန်နှင့် အင်တာဗျူးတွင် အဲရစ်တန်ဟက်အပါအဝင် ယူနိုက်တက်ကို အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ သူဟာ ယင်းဝေဖန်အင်တာဗျူးကြောင့် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။