ပြီးခဲ့တဲ့ ရာသီမှာ မန်ချက်စတာ ယူနိုက်တက် ဘယ်လောက် ရှုံးခဲ့သလဲ ဘဏ္ဍာရေး ရှင်းတမ်း ထွက်လာပါပြီ

မန်ချက်စတာယူနိုက်တက်ဟာ ဇွန်လ ၃၀ ရက်နေ့အထိ တစ်နှစ်တာ ဘဏ္ဍာရေးစာရင်းအရ ပေါင် ၁၁၃.၂ သန်း အရှုံးပေါ်ခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၂-၂၃ ရာသီတွင် ပေါင် ၂၈.၇ သန်း၊ ၂၀၂၁-၂၂ ရာသီတွင် ပေါင် ၁၁၅.၅ သန်း အရှုံးပေါ်ပြီးနောက် နောက်ဆုံး ၅ နှစ်အတွင်း စုစုပေါင်း ပေါင်သန်း ၃၇၀ အထိ အရှုံးပေါ်လာတာလည်း ဖြစ်ပါတယ်။

ထိုသို့ အရှုံးပေါ်ပေမဲ့လည်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းကို ချိုးဖောက်ထားခြင်း မရှိပါဘူး။ ယင်းစည်းမျဉ်းမှာ ငွေသုံးစွဲမှုအပေါ်တွင်သာ တွက်ချက်တာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းအရ ကလပ်များအနေဖြင့် ၃ နှစ်အတွင်း ပိုင်ရှင် အိတ်စိုက်အရှုံးအဖြစ် ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ရှိပါတယ်။ ယင်းစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နှင့် အဲဗာတန်တို့ ရမှတ်လျှော့ချခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည်ခဲ့ပေမဲ့ အက်ဖ်အေဖလား ဆွတ်ခူးရယူပြီးနောက် ပေါင်သန်းတစ်ရာကျော် အရှုံးပေါ်လာတာပါ။

တဖက်တွင် ဒီဇင်ဘာလတုန်းက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူပြီး ယူနိုက်တက်ရဲ့ ဘောလုံးရေးရာကို လွှမ်းမိုးလုပ်ဆောင်လာတဲ့ Ineos ဟာ ဇူလိုင်လတုန်းက အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် အလုပ်သမား ၂၅၀ ဦးအထိ လျှော့ချမှု ပြုလုပ်လာပါတယ်။

ယူနိုက်တက်ဟာ အလုပ်သမားလျှော့ချမှုကြောင့် ၂၀၂၅ ခုနှစ်အထိ ၂ နှစ်အတွင်းတွင် အသုံးစရိတ် ပေါင် သန်း ၃၀ မှ ပေါင် ၃၅ သန်း အထိ သက်သာလာပါမယ်။

တဖက်မှာ ယူနိုက်တက်ဟာ ယခုနှစ်မှာ မြင့်တက်လာကာ ပေါင် ၆၆၁.၈ သန်းအထိ စံချိန်တင် ရရှိခဲ့ပြီး လာမယ့်နှစ်မှာ ပေါင်သန်း ၆၅၀ မှ ပေါင်သန်း ၆၇၀ အတွင်း ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယူနိုက်တက်ဟာ ဝင်ငွေမြင့်မားလာပေမဲ့ လုပ်ခအသုံးစရိတ် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ပေါင် ၃၆၄.၇ သန်းအထိ မြင့်မားလာပါတယ်။