မန်ယူ နောက်ခံလူသစ် ဒီလစ်နဲ့ ပတ်သတ်ပြီး စိုးရိမ်နေရတဲ့ ကိစ္စကို ထုတ်ပြောလာတဲ့ ဂန္တဝင်ကြီး

လက်ရှိ မန်ယူ နောက်ခံလူ ရာဖေးလ် ဗန်ဒါဗတ်က ဒီလစ် ဟာ အေဂျက်အသင်းကို စွန့်ခွာခဲ့ပြီးကတည်းက အရင် တုန်းက ပုံစံမျိုး ဘယ်တုန်းကမှ ပြန်မရခဲ့ဘူးလို့ နယ်သာလန်ဂန္တဝင်ကွင်းလယ်ကစားသမား ပြောဆိုခဲ့ပါတယ်။

ဒီလစ်ဟာ ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၃၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တ ာဖြစ် ပါတယ်။

ဒီလစ်ရဲ့ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေမှုဟာ စက်တင်ဘာ နိုင်ငံတကာပွဲအားလပ်ရက်အတွင်း နယ်သာလန်နဲ့ ပူးပေါင်းချိန်မှာလည်း ထပ်မံ မြင်တွေ့ခဲ့ရပြီး ဘော့စ်နီးယားနဲ့ပွဲမှာ ပေးခဲ့ရတဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ အပြစ်ရှိသူဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီလစ် ဟာ အင်္ဂါနေ့ညက ဂျာမနီနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် ပွဲထွက်ပါဝင်ကစားခွင့် ပေးအပ်ခြင်းခံခဲ့ရပေမယ့်လည်း ဒန်းနစ်ဇ် အန်ဒက်ဗ်ကို ဂိုးသွင်းခွင့် လက်ဆောင်ပေးခဲ့ပြီးနောက် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

နယ်သာလန်ဂန္တဝင် ဗန်ဒါဗတ်က ဒီလစ်ဟာ လက်ရှိအချိန်မှာ ကစားသမားဘဝရဲ့ ခက်ခဲတဲ့အချိန်မှာ ရောက်ရှိနေပြီး ထိပ်တန်းအဆင့်အရည်အသွေးရှိပေမယ့်လည်း အေဂျက်မှာတုန်းက ပြသခဲ့တဲ့ အကောင်းဆုံးပုံစံမျိုး ထပ်မပြသနိုင်တော့မှာကို စိုးရိမ်နေပါတယ်။

“ကျွန်တော်က သူ့ရဲ့ အမာခံပရိသတ်ပါ။ သူ့ရဲ့ အရည်အသွေးတွေကို သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော် ပွင့်ပွင့် လင်းလင်းပဲ ပြောမယ်။ သူ အေဂျက်ကို စွန့်ခွာခဲ့တဲ့အချိန်ကတည်းက အဲဒီတုန်းက ပုံစံနဲ့ လုံးဝ မတူတော့ဘူး။ သူ့ကစားသမားဘဝက နည်းနည်းတော့ ခက်ခဲနေတယ်လို့ ထင်တယ်။

ဂျာမနီနဲ့ပွဲတုန်းက ကျွန်တော်လည်း သွားကြည့်ခဲ့တယ်။ သူ နောက်ထပ်တစ်ကြိမ် အမှားထပ်လုပ်ခဲ့တယ်။ ခင်ဗျားက ကောင်းမွန်တဲ့ပုံစံရမနေတဲ့အချိန်မှာ အမှားတိုင်းက ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အမှားတိုင်းက ပြိုင်ဘက်အတွက် အခွင့်အရေးဖြစ်လာစေနိုင်ပါတယ်။

သူက နည်းနည်းလည်း ကံဆိုးနေခဲ့တယ်လို့ ထင်တယ်။ သူ့ရဲ့ အရည်အသွေးကိုတော့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ အဲဒီတော့ တန်ဟက်အနေနဲ့ သူ့ရဲ့ ယုံကြည်မှုကို အရမ်းနောက်မကျခင်မှာ ပြန်ရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်ပြီး ကြီးမားတဲ့ကလပ်အသင်းအတွက် ကစားပေးနေတာပါ။

သူ့အနေနဲ့ ပြန်ပြီး ကောင်းလာနိုင်တယ်ဆိုတာကို ပြသခဲ့တယ်။ အေဂျက်အတွက် ပထမဆုံးပွဲအနည်းငယ်နဲ့ လက်ရွေးစင်အတွက် ပထမဆုံးပွဲမှာတုန်းကလည်း သူ ကြီးမားတဲ့အမှား ပြုလုပ်ခဲ့ပေမယ့် အဲဒါကို ပြန်ပြီး ကုစားနိုင်ခဲ့တယ်။ သာမန်အားဖြင့် အဲဒါက ပြဿနာမဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့ သူ ကောင်းကောင်း မကစားနိုင်ခဲ့တာ တော်တော်ကြာနေပြီမို့လို့ပါ။ ဒါပေမယ့် အရည်အသွေးပိုင်းမှာတော့ သူက အရမ်းကောင်းတဲ့နောက်ခံလူ ဖြစ်နေတုန်းပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။