အချိုပေါ် သကာလောင်း ကာ စိန့်တွေကို အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်တို့ ၃ ဂိုးပြတ် နိုင်လိုက်တဲ့ ပွဲ

နိုင်ငံပွဲတွေ အပြီး ပရီးမီးယားလိဂ် ပြန်စချိန်မှာ မန်ချက်စတာ ယူနိုက်တက်တို့ အကောင်းဆုံး ပြန်စတင်နိုင်ခဲ့ကာ ဒီည အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၃-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် နည်းပြ တန်ဟက် လည်း အသက်ရှူချောင်ခဲ့ပါပြီ။ ခြေစွမ်းမပြနိုင်တဲ့သူတွေက ဂိုးသွင်း၊ သူ အားကိုးပြီး ယုံကြည်မ ှုအပြည့်ပေးထားတဲ့ ဂိုးသမားကလည်း ပင်နယ်တီဖမ်းပြခဲ့တာမို့ အချိုပေါ် သကာလောင်း ဖြစ်သွားမှာပါ။

ယူနိုက်တက်ဟာ ၄-၅-၁ ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး စနေနေ့ အစောပွဲကို ပြန်ကစားရခြင်းဖြစ်ကာ နိုင်ငံအသင်းက ပြန်လာတဲ့ ကစားသမား အချို့ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ရမှု ရှိခဲ့ပါတယ်။

ပွဲအလှည့်အပြောင်းက ဆောက်သမ်တန်တို့ရဲ့ ပင်နယ်တီကို အိုနာနာ ကာကွယ်နိုင်ခြင်းက စတင်လိုက်တာပါ။ ဒီတလော လက်စွမ်းမကောင်းလို့ ဝေဖန်ခံနေရတဲ့ အိုနာနာထံက တည်ငြိမ်တဲ့ ကာကွယ်မှု မြင်ခဲ့ရခြင်းဖြစ်ကာ ပထမပိုင်းမှာ သူ အတော်လေး အမှားနည်းခဲ့ပါတယ်။

ပင်နယ်တီ ကာကွယ်ပြီး သိပ်မကြာခင် ဒီလစ်က ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးဂိုးကို ခေါင်းတိုက် သွင်းယူခဲ့သလို ရက်ဖိုဒ့်ကလည်း ၆ လအတွင်း ပထမဆုံးအကြိမ် ဂိုးပြန်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်က ပွဲကို ပိုမို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၄၅ မိနစ်လုံး ဆောက်သမ်တန်ဘက်က ဂိုးပေါက် ခြိမ်းခြောက်မှု လုံးဝ မလုပ်နိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာပဲ ဂနာချိုကို အဝင်ကြမ်းလို့ ဆောက်သမ်တန်ဘက်က တစ်ယောက် အနီကတ်ဖြင့် ထုတ်ခံရတာကြောင့်လည်း ပွဲက တဖက်သတ် ဆန်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ တိုက်စစ်သမား ဇက်ဇီး ဂိုးကံခေလွန်းခဲ့ကာ ပထမပိုင်းမှာ ထိချက်ပျော့ခဲ့လို့ ကာကွယ်ခံလိုက်ရသလို ဒုတိယပိုင်းမှာလည်း အပိုင်ပိတ်ချက်က လူထိ ပြန်ထွက်ခဲ့ပါတယ်။

ပွဲချိန် နောက်ဆုံးမိနစ်မှာ ဒါလော့ရဲ့ ဖြတ်တင်ဘောကို ဂနာချိုက ဧရိယာထဲ ဝင်ပိတ်ပြီး ယူနိုက်တက်အတွက် ပြတ်သားစေမယ့် တတိယ သွင်းဂိုးကို ယူပေးခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ၄ ပွဲကစား ရမှတ် ၆ မှတ်ရထားကာ နည်းပြတန်ဟက် အသက်ရှုချောင်လာခဲ့ပါပြီ။