နစ္စတယ်ရွိုင်းရဲ့ အကြံပြုချက်အရ ဇန်နဝါရီမှာ မန်ယူ ခေါ်ဖို့ ချိန်ရွယ်နေတဲ့ ထိပ်တန်း တိုက်စစ်မှုး
မန်ချကစ်တာ ယူနိုက်တက်ဟာ လက်ထောက်နည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်းရဲ့ အကြံပြုချက်ကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရေး စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။
အသက် ၄၈ နှစ်ရှိ ဂန္ထဝင် တိုက်စစ်မှူးဟာ နွေရာသီတုန်းက အဲရစ်တန်ဟက်ရဲ့ နေရာတွင် အစားထိုးခန့်အပ်ခံရမယ်လို့ သတင်းများ ထွက်ပေါ်ပြီးနောက် လက်ထောက်နည်းပြအဖြစ် ရောက်လာသူလည်း ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်သို့ ရောက်လာပြီးနောက် မားကပ်စ်ရက်ဖို့ဒ်၊ ရာစမပ်ဟွိုင်းလန်း၊ ဂျိုရှာဇတ်ဇီးတို့ရဲ့ တိုက်စစ်မှူး အရည်အသွေး တိုးတက်လာရေး အဓိကထား လုပ်ဆောင်ပေးနေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မားကပ်စ်ရက်ဖို့ဒ်ရုန်းကန်ရချိန်တွင် ဘရူနိုဖာနန်ဒက်စ်ကို False Nine အဖြစ်ပါ အသုံးပြုရတဲ့အထိ တိုက်စစ်ပြဿနာကြုံခဲ့ရတာပါ။
၎င်းတို့ဟာ နွေရာသီတုန်းက ဇတ်ဇီးကို ခေါ်ယူခဲ့ပေမဲ့လည်း ဇန်နဝါရီတွင် နောက်ထပ် တိုက်စစ်မှူးတစ်ဦးအဖြစ် ဂျူဗင်တပ်တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ဆားဘီးယားတိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖီအိုရင်တီးနားမှ ဂျူဗင်တပ်သို့ ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်နွေတုန်းက ဗလာဟိုဗစ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း သတင်းခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ဗလာဟိုဗစ်ကို မခေါ်ယူဘဲ ဟွိုင်းလန်းကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ ယခုရာသီတွင် နည်းပြသစ်တီယာဂိုမော့တာလက်အောက်မှာ ၃ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ ဖီအိုရင်တီးနားမှာ ကစားစဉ်တုန်းက ထိပ်တန်းခြေစွမ်းဖြင့် ကစားနိုင်မှုနှင့်အတူ ဥရောပရဲ့အလားအလာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဆားဘီးယားအတွက် ပွဲ ၃၀ ကစားထားတဲ့ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်တွင် ဆက်လက်ကစားလိုကြောင်း ပြောကြားဖူးပေမဲ့လည်း စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်တော့မှုနှင့်အတူ အခြေအနေမှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။