ကက်စီမဲရိုး က မန်ယူအတွက် အရေးကြီးဆဲ ကစားသမား ပါ ဆိုတဲ့ နည်းပြ တန်ဟက်ရဲ့ ပြောစကား
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက် က လက်ရှိ အသင်းမှာ ခြေစွမ်းပိုင်း စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာသူ တစ်ဦး ဖြစ်တဲ့ ကွင်းလယ်ကစားသမား ကက်စီမဲရိုးကို သေချာပေါက် လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။
အသက် (၃၂)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စီမဲရိုးဟာ ရီးယဲလ်မက်ဒရစ်ကနေ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီနဲ့ အခုဘောလုံးရာသီတွေမှာတော့ ကက်စီမဲရိုးက ရုန်းကန်မှုတွေ ရှိလာခဲ့ရပါတယ်။
အခုတော့ ယူနိုက်တက်က ပီအက်စ်ဂျီကနေ ဥရုဂွေး ကွင်းလယ်လူ မန်ဝယ်လ် အူဂါတေးကိုပါ ခေါ်ယူလိုက်ပြီ ဖြစ်တာကြောင့် ကက်စီမဲရိုးအနေနဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာနိုင်ပြီး ယူနိုက်တက်ဘက်ကလည်း ကစားသမားသစ် အူဂါတေးနဲ့ လူငယ် ကစားသမားလေး ကိုဘီ မိန်နူးတို့ကိုသာ အသင်းကွင်းလယ်မှာ ပိုမို နေရာပေးလာနိုင်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက် က ကက်စီမဲရိုးဟာ သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် သေချာပေါက် လိုအပ်နေသေးကြောင်းကို ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော်တို့ သေချာပေါက် ကက်စီမဲရိုးကို လိုအပ်နေတယ်ဆိုတာ သေချာပါတယ်။ လူတိုင်းလူတိုင်းက သူတို့ရဲ့ လုပ်ငန်း ဆောင်တာတွေမှာ အဆင်မပြေတဲ့နေ့တွေ ရှိနိုင်ပါတယ်။”
“ဒါပေမယ့် သူက အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ပါ။ ဘဝမှာရော ဘောလုံးလောကထဲမှာပါ အနိမ့်အမြင့် အတက်အကျတွေက ရှိတက်ပါတယ်။ ဒီလို အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကိုလည်း သူ ကောင်းကောင်း သိပါတယ်။” လို့ တန်ဟက် က ပြောဆိုလိုက်ပါတယ်။
ကက်စီမဲရိုးဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၈၇)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး (၁၂)ဂိုး သွင်းယူပေးထားခဲ့သလို အသင်းနဲ့လည်း အက်ဖ်အေဖလား လိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
ဒီနွေမှာတော့ ကက်စီမဲရိုးက ယူနိုက်တက်ကနေ ရောင်းချခံရဖို့ နီးစပ်ခဲ့ပေမယ့်လည်း အသင်းမှာသာ ဆက်လက် ကျန်ရှိနေခဲ့ပြီး သူရဲ့စာချုပ်ကတော့ ၂၀၂၆ခုနှစ်မှာ ကုန်ဆုံးပါမယ်။