ဆန်ချိုကို လက်လွှတ်လိုက်တာ ယူနိုက်တက် မှားပြီလား သုံးသပ် ဝေဖန်မှုတွေ ရှိနေပါတယ်
ဆန်ချိုဟာ နွေအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မန်ယူကနေ ထွက်ပြီး ချဲလ်ဆီးထံ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေညက ဘုန်းမောက် ဝ-၁ ချဲလ်ဆီးပွဲစဉ်မှာ ဂျေဒန်ဆန်ချိုဟာ ဒုတိယပိုင်းမှာ ဝင်ရောက်လာပြီး ချဲလ်ဆီးအတွက် စတင် ပါဝင် ကစားခဲ့သလို အဲဒီပွဲမှာ အနိုင်ဂိုးကို ဖန်တီးပေးကာ ထူးရှယ်ခြေစွမ်းပြသခဲ့တယ်။
ဆန်ချိုဟာ ဘယ်တောင်ပံတစ်လျှောက်မှာ မြူးကြွသွက်လက်ကာ ယုံကြည်ချက်ပြည့်ဝနေတဲ့ ကစားဟန်ပြသခဲ့ရာ ထိချက်တိုင်းဟာ ရင်ခုန်စရာ ကောင်းခဲ့ပါတယ်။
ပိုပြီး နာမည်ကောင်း ရသွားစေခဲ့တာကတော့ အန်ကွန်ကူရဲ့အနိုင်ဂိုးကိုပါ ဆန်ချိုက အကွက်မြင်မြင် ဖန်တီးပေးပို့ခဲ့တာပါ။
အခုလိုမျိုး ဒုတိယပိုင်း တစ်ပိုင်းသာကစားခဲ့ရပေမယ့် man of the match ခြေစွမ်းပြသသွားသူ ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်မှာတုန်းက ရုန်းကန်ခဲ့ရတာမို့ အဲဒီကလပ်နဲ့ ကံမစပ်သူလား၊ ယူနိုက်တက်ကပဲ နာမည်ကျော်ကစားသမားတွေရဲ့ သင်္ချိုင်းလားဆိုပြီး ဝေဖန်မှုတွေရှိနေတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ ဆန်ချို အသင်းသစ်မှာ ခြေစွမ်းပြနိုင်တာ အတွက် ဝမ်းသာကြောင်း ဆောက်သမ်တန်နဲ့ပွဲပြီးမှာ ပြောဆို အသိအမှတ်ပြုခဲ့ပါတယ်။