ဒီည ဘန်စလေနဲ့ ပွဲမတိုင်ခင် မာတီနက်ဇ်၊ ဒီလစ်နဲ့ မက်ဇရာဝီတို့ရဲ့ ဒဏ်ရာအခြေအနေ ကို နည်းပြတန်ဟက် အသိပေး
ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က မာတီနက်ဇ်၊ ဒီလစ်နဲ့ မက်ဇရာဝီတို့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို လျော့ပါးစေခဲ့ပေမယ့်လည်း လုခ်ရှောကတော့ ပထမအသင်းထဲမှာ ပြန်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့က ဆောက်သမ်တန်ကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီနေ့ညမှာ တန်ဟက်ရဲ့အသင်းက ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘန်းစလေနဲ့ ကစားသွားရမှာဖြစ်ပါတယ်။
မာတီနက်ဇ်၊ မက်ဇရာဝီတို့ဟာ ပွဲကစားချိန် မိနစ် ၂၀ ကျော်သာ လိုတော့တဲ့အချိန်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒီလိုက်တ်ကလည်း ထပ်မံ ဒဏ်ရာရရှိသွားခဲ့လို့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ခံစစ် ဒဏ်ရာပြဿနာတွေရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ လီနီ ယိုရိုကလည်း ဇူလိုင်လ ရာသီကြိုမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

တန်ဟက်က ဘန်းစလေနဲ့ ကစားသွားမယ့်ပွဲစဉ်မှာ လူစာရင်းကို အလှည့်ကျ ပွဲထုတ်သွားမယ်လို့ ပြောဆိုခဲ့ပြီး ခံစစ် ကစားသမား ၃ ဦးစလုံးက ကြံ့ခိုင်မှု ပြည့်ဝနေပြီး ပါဝင်ကစားပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူတို့တွေအားလုံး ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ သူတို့တွေ ကောင်းမွန်နေပါတယ်။ သူတို့ ဒဏ်ရာရသွားတော့ ကျွန်တော် ခေါင်းကိုက်ရပြီလို့ မျှော်လင့်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မနှစ်တုန်းကလည်း ကျွန်တော် ကစားပေးနိုင်တဲ့ ကစားသမား မရှိလို့ ခေါင်းကိုက်ခဲ့ရလို့ပါ။
အဲဒီတော့ ကျွန်တော့်အနေနဲ့ ကစားသမားများများ ကစားပေးနိုင်ဖို့ မျှော်လင့်ပြီး အဲဒါမှ တစ်ပွဲချင်းစီကနေ ရွေးချယ်မှု ပြုလုပ်သွားနိုင်မှာပါ။ ကျွန်တော်တို့ အလှည့်ကျပွဲထွက်ခွင့်ပေးသွားရမယ်ဆိုတာ ကျိန်းသေပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲတွေအများကြီး ကစားရမှာမို့လို့ဖြစ်ပြီး ပွဲထွက် ၁၁ ဦးတင်ပဲ အလှည့်ကျသုံးသွားမှာမဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။