အရမ်း ပျော်နေတဲ့ တန်ဟက်၊ ယူနိုက်တက်နည်းပြဘဝ အကြီးဆုံးနိုင်ပွဲ ရသွားခြင်းနဲ့ ၇ဂိုး ကြိတ်ခံရတဲ့ ဘန်စလေ
မန်ချက်စတာယူနိုက်တက်ဟာ ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှာ လိဂ် ၁ ကလပ်ငယ်လေး ဘန်စလေကို ၇-၀ ဂိုးဖြင့် အနိုင်ယူပြီး နည်းပြ အဲရစ်တန်ဟက် လက်ထက် အကြီးမားဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အတွက် အနိုင်ဂိုးများကို မားကပ်စ်ရက်ဖို့ဒ်၊ အလီဂျန်ဒရိုဂါနာချို၊ ဝါရင့်ကွင်းလယ် အဲရစ်ဆင်တို့က ၂ ဂိုးစီ သွင်းယူခဲ့ကြပြီး ပထမပိုင်းပြီးခါနီးမှာ အန်တိုနီက ပင်နယ်တီကနေ ၁ ဂိုးသွင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၉-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အကြီးမားဆုံး အိမ်ကွင်းနိုင်ပွဲ ရရှိလာတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အရင်တုန်းက အဲရစ်တန်ဟက်လက်ထက်မှာ ၅ ဂိုးထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေမဲ့ ပွဲပြီးခါနီး ၉ မိနစ်အလို ၄ မိနစ်အတွင်းမှာ အဲရစ်ဆင်သွင်းယူတဲ့ ၂ ဂိုးဖြင့် ၇ ဂိုးပြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီးတွင် အဲရစ်တန်ဟက်က “ဒီအသင်းအတွက် ပြီးပြည့်စုံတဲ့ညပါ။ အစီအစဉ်အတိုင်း အားလုံးလုပ်ခဲ့ကြတယ်။ နောက်တဆင့်သို့ တက်နိုင်ခဲ့တယ်။ ကောင်းမွန်တဲ့ ဂိုးတချို့ သွင်းနိုင်ခဲ့တယ်။ ပရိသတ်တွေကို ဖျော်ဖြေနိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပွဲမော်ဒယ်လည်း အလုပ်ဖြစ်ခဲ့တယ်။ အရမ်းပျော်တယ်”လို့ ပြောကြားသွားပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ရဲ့ ပေါင် ၅၀.၅ သန်းတန် ကွင်းလယ်ကစားသမား မန်နူရယ်အူဂါတီမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားလာခဲ့ပါတယ်။
ဥရုဂွေးကွင်းလယ်ကစားသမားဟာ ယခုပွဲမှာ အရေးပါတဲ့ နေရာက ခြေစွမ်းပြကစားသွားခဲ့ပြီး နောက်ပိုင်းမှာ တန်ဟက်ရဲ့အသင်းမှာ အရေးပါတဲ့သူအဖြစ် မြင်တွေ့လာရဖို့ ရှိနေပါတယ်။