မန်ယူအသင်းသားတွေချင်း ညီညွတ်မှုကို ချီးကျူးရင်း ထုတ်ကြွားလိုက်တဲ့ နည်းပြ တန်ဟက်
မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘန်စလေအသင်းတို့ရဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အိမ်ရှင် ယူနိုက်တက် က ၇ ဂိုးပြတ် နဲ့ အပြတ် အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲမှာ ယူနိုက်တက် ပင်နယ်တီကန်ခွင့် ရရှိခဲ့ရာ ဒါကို မားကပ်စ် ရပ်ရှ်ဖို့ဒ်က ကန်သွင်းခြင်း မပြုဘဲ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အန်တိုနီကိုသာ ကန်ခွင့်ပြုခဲ့ပြီး အန်တိုနီကလည်း ဒီပင်နယ်တီကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ စပြောင်းလာကတည်းကနေ အခုထိ အသင်းအတွက် ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့တောင် ရုန်းကန်ခဲ့ရလို ပွဲကစားခွင့်တွေပါ တဖြည်းဖြည်း နည်းပါးလာရသလို နေရာလည်း ပျောက်လာခဲ့ရပါတယ်။
တကယ်တော့ ယူနိုက်တက်မှာ ပင်နယ်တီ ကန်သွင်းမှုအတွက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က တာဝန်ယူထားရတာ ဆိုပေမယ့် ဒီပွဲမှာ တန်ဟက်ဂ်က ဖာနန်ဒက်စ်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး အနားပေးခဲ့တာကြောင့် ဒုတိယ ပင်နယ်တီ ကန်သွင်းသူဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်က ပင်နယ်တီကို ကန်သွင်းရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က ပွဲကစားခွင့်တွေ နည်းပါးနေပြီး ဝေဖန်ခံမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းဖော် အန်တိုနီကိုသာ ပင်နယ်တီ ကန်ခွင့်ပြုခဲ့ရာ အန်တိုနီကလည်း ဒီအခွင့်အရေးကို အသုံးချနိုင်ခဲ့ပါတယ်။

ဒီကိစ နဲ့ ပတ်သက်ပြီး ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က အသင်းသားတွေချင်း ညီညွတ်မှုလို့ ခံယူကာ အားရ ကျေနပ်နေပါတယ်။
“ကစားသမားတွေက ရည်မှန်းချက် ကြီးမားပြီးတော့ သွင်းဂိုးတွေ ရဖို့အတွက်လည်း ဆာလောင်နေကြပါတယ်။ ဒါပေမယ့် အချင်းချင်း ဘောလုံးပေးပြီး ကစားကြတယ်။ သွင်းဂိုးတွေ ရလာအောင် ဖန်တီးပေးချင်ကြတယ်။ ပင်နယ်တီကနေ ဂိုးသွင်းလို့ ရနိုင်မယ့် အခွင့်အရေးမျိုးတွေကိုလည်း ပေးချင်ကြတယ်။
အန်တိုနီကလည်း သူ့ကိုယ်သူ ယုံကြည်မှုရဖို့ လိုအပ်နေပြီး ဒါကို ရပ်ရှ်ဖို့ဒ်က အန်တိုနီကို ပေးကန်လိုက်တာဟာ အသင်းသားတွေ ညီညွတ်မှု ရှိနေရင် အသင်းအတွက် ကောင်းမွန်တယ်ဆိုတာကို ပြသလိုက်တာပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။
အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုးတွေ မပြသနိုင်သေးတဲ့ အန်တိုနီဟာ ဒီရာသီထဲမှာလည်း ပွဲကစားချိန် (၁)မိနစ်လေးသာ ရှိထားခဲ့ပြီး ဧပြီလနောက်ပိုင်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပေမယ့် မနေ့ညက ဘန်စလေပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရသလို သူ့ကြောင့် ရလာတဲ့ ပင်နယ်တီကိုလည်း သူကိုယ်တိုင် အဆုံးသတ် သွင်းယူနိုင်ခဲ့တာပါ။