ခရိုအေးရှန်း ကြယ်ပွင့်လေးကို အပြိုင်ခေါ်ဖို့ ကြံနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒိုင်နမို ဇာဂရက်လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးစားရဖို့ ရှိနေတယ်လို့ သိရပါတယ်။
မာတင် ဘာတူရီနာလို့ အမည်ရတဲ့ အသက် ၂၁ နှစ်အရွယ် ခရိုအေးရှား ကစားသမားဟာ ဒီအပတ် ဘိုင်ယန်မြူးနစ်ကို ၉-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဒိုင်နမို ဇာဂရက်အတွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်က ဂိုးပြတ်နဲ့ အပြတ်အသတ် နိုင်ပွဲရရှိသွားခဲ့ပေမယ့်လည်း ဘာတူရီနာက ပွဲမတိုင်ခင်မှာ ဘိုင်ယန်ကစားသမားတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပါ။
ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးရဲ့ အသင်းခေါင်းဆောင် နူအာကိုယ်တိုင်က ဒိုင်နမို ဇာဂရက်ရဲ့ ကျောနံပါတ် ၁၀ ကစားသမားဟာ အားကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဘာတူရီနာကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေကြပြီး အက်သလက်တီကို မက်ဒရစ်၊ ရိုးမား၊ ဖီအိုရင်တီးနားတို့လည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။
ဘာတူရီနာဟာ ဒီရာသီသစ်ကို ကောင်းမွန်တဲ့ပုံစံနဲ့ စတင်ထားနိုင်တဲ့သူဖြစ်ပြီး ခရိုအေးရှားထိပ်တန်းလိဂ်ရဲ့ အဖွင့်ပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အပါအဝင် ပြိုင်ပွဲစုံ ၅ ပွဲမှာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဒိုင်နမို ဇာဂရက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း ဂဗာဒီယောလ်၊ ဒါနီ အိုလ်မိုနဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင် လူကာ မိုဒရစ်တို့လိုမျိုး ထိပ်တန်းအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့က အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။