မန်ယူ အပါအဝင် ထိပ်သီးကလပ်တွေကို မရွေးဘဲ မာဆေးအသင်းဆီ သွားတဲ့ အပေါ် ရာဘီရော့ ရဲ့ သဘောထား

ပြင်သစ် ကွင်းလယ်ကြယ်ပွင့် ရာဘီရော့ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ မာဆေးအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒီနွေမှာ ဂျူဗင်တပ်နဲ့ စာချုပ်ကုန်ကာ ထွက်ခွာလာတဲ့ ကွင်းလယ်သမားကို မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း ချိတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့တော့ ဖြစ်မလာခဲ့ဘဲ အသက် ၂၉ နှစ် အရွယ် ကွင်းလယ်သမားဟာ မာဆေး အသင်းထံ ရောက်ရှိသွားခဲ့တာပါ။

ယူနိုက်တက်နဲ့ ညှိနှိုင်းမှုမှာ ရာဘီရော့ရဲ့ လစာ တောင်းဆိုမှုနဲ့ ကစားသမား မိခင်ကလည်း စာချုပ် လက်မှတ်ထိုးကြေး တောင်းဆိုမှုတွေ ရှိတာကြောင့် မန်ချက်စတာကလပ်က နောက်ဆုတ်ခဲ့တာလို့ သိရပါတယ်။

ရာဘီရော့ဟာ ပီအက်စ်ဂျီမှာ ကစားစဉ် ၂၀၁၆ တုန်းက မာဆေးမှာ ကစားဖို့ သူ တွေးလို့မရဘူး၊ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးတဲ့ စကား ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလထဲမှာတော့ ပြင်သစ်သားဟာ မာဆေးအသင်းထံ ၂နှစ် စာချုပ်နဲ့ ရောက်ရှိသွားခဲ့တာပါ။

ယခင် အပြောတွေနဲ့ လက်ရှိ ကွာခြားမှု အပေါ် သူ့အနေနဲ့ ပြောနေစရာ၊ ဖြေရှင်းစရာ မရှိကြောင်း ရာဘီရော့က အခုလို တုန့်ပြန်လာပါတယ်။

” ကျွန်တော် ဒီအသင်းဆီ ပြောင်းခဲ့တဲ့ အတွက် ကျွန်တော်က ဘယ်သူ့ကိုမှ ဖြေရှင်းနေစရာ အကြောင်း မရှိဘူးထင်တယ်။ ကိုယ့် ကစားသမား ဘဝ ကိုယ် ဖန်တီးနေတာလေ။

ဒါပေမယ့် ကျွန်တော် သိလာရတာကတော့ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိပါဘူး။ ကျွန်တော်တို့ ငယ်တုန်းက ပြောခဲ့တဲ့ စကားတွေက ပို ရင့်ကျက်၊ အတွေ့အကြုံ ရှိလာတဲ့ အချိန်မှာ လုံးဝ ခြားနားသွားတယ် ဆိုတာ မြင်လာရတယ်။

ကျွန်တော့် ကိုယ့် ရွေးချယ်မှုကို ခေါင်းအေးအေးနဲ့ လုပ်ပါတယ်။ အခု ဒီမှာလည်း ပျော်ရွှင်နေတယ်။ တချို့ အတွက်တော့ မကျေနပ်တာ ရှိချင်ရှိမှာပေါ့။ ဒါပေမယ့် ဒါက ကျွန်တော့် ရွေးချယ်မှုပဲ။ ” လို့ ရာဘီရော့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။