ဥရောပ ပွဲကြီးပွဲကောင်းတွေနဲ့ နည်းပြဘဝ နေ့ရက်တွေကို သတိရနေတဲ့ ဆာအဲလက်စ် ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ သူ့ရဲ့ နည်းပြဘဝကို ပြန်လည်လွမ်းဆွတ်မိတယ်လို့ နှစ်အတော်ကြာအတွင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်သူ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ၂၇ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၈ ခုအထိ ရယူပြီးတဲ့နောက် ၂၀၁၂-၁၃ ရာသီကုန်မှာ နည်းပြဘဝကနေ အနားယူခဲ့ပါတယ်။

ဖာဂူဆန် မရှိတော့တဲ့နောက်ပိုင်း ယူနိုက်တက်အသင်းဟာ အောင်မြင်မှုနဲ့ဝေးကွာနေပြီး ပရီးမီးယားလိဂ်မှာလည်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ လွှမ်းမိုးမှုကို မကျော်ဖြတ်နိုင်သေးပါဘူး။

အခု နာမည်ကျော် BBC ရုပ်သံနဲ့အင်တာဗျူးမှာ အစီအစဉ်တင်ဆက်သူက ဖာဂူဆန်ရဲ့ လက်ရှိ ဘဝ အနေအထားကို မေးမြန်းခဲ့တော့ ဖာဂူဆန်က –

“ကောင်းပါတယ်။ နည်းပြဘဝကနေ ကျွန်တော် အနားယူခဲ့တာ ၁၁ နှစ်အထိရှိသွားပြီဖြစ်လို့ အခုအချိန်မှာတော့ လက်ရှိဘဝမှာ အဆင်ပြေအောင် နေရတာပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီနောက် အစီအစဉ်တင်ဆက်သူက နည်းပြဘဝကို မလွမ်းဘူးလားဆိုပြီး မေးမြန်းခဲ့ချိန်မှာ ဖာဂူဆန်က –

“အင်း . . .တစ်ခါတလေတော့လည်း လွမ်းမိပါတယ်။ နည်းပြအဖြစ်ကနေ အနားယူပြီး ပထမဆုံးနှစ်မှာပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သွားကြည့်ခဲ့ပြီး ကျွန်တော့်ဇနီးဖြစ်သူ ကေသီကို ‘ငါတမ်းတမိတာ ဒီလို ဥရောပပွဲကြီးပွဲကောင်းတွေပဲကွ’လို့ ပြောခဲ့ဖူးပါတယ်။

“အဲဒီနောက်ပိုင်း ဥရောပဗိုလ်လုပွဲတော်တော်များများကို ကျွန်တော် သွားရောက်ကြည့်ရှုခဲ့ပြီး အဲဒါက ကျွန်တော့်အတွက် စိတ်ဖြေစရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒီလိုဗိုလ်လုပွဲတွေမှာ ယူနိုက်တက်အသင်း ကစားတာကိုလည်း မြင်တွေ့ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။