ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်ကို ၄ဂိုးပြတ် ရှုံးခဲ့ပေမယ့် ဒီညတော့ မရဘူး ဆိုတဲ့ မန်ယူနည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက Selhurst Park ကွင်းမှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ရင်ဆိုင် ကစားစဉ်က (၄)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီရှုံးပွဲက နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက် မန်ယူနိုက်တက်အသင်းရဲ့ အကြီးမားဆုံး ရှုံးပွဲတွေက တစ်ခု ဖြစ်စေခဲ့သလို ဒီရှုံးပွဲကြောင့်ပဲ တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေပါ အတော်လေးကို လှုပ်ခတ်သွားခဲ့ရပါသေးတယ်။

ဒါပေမယ့် အဲ့ဒီပွဲတုန်းက ယူနိုက်တက်မှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေ အတော်လေး များနေရပြီး ဗဟိုခံစစ်မှာဆိုရင် ကက်စီမဲရိုးနဲ့ ဂျွန်နီ အီဗန်စ်တို့ကိုပါ တွဲဖက် အသုံးပြုခဲ့ရပါတယ်။

လက်ရှိမှာတော့ ပဲလေ့စ်နဲ့ ယူနိုက်တက်တို့က ဒီစနေည Selhurst Park မှာ ပြန်လည် တွေ့ဆုံကြတော့မှာဖြစ်ပြီး အိမ်ရှင် ပဲလေ့စ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် (၄)ပွဲကစားထားပြီးချိန် နိုင်ပွဲလုံးဝ မရှိထားသေးပဲ ရုန်းကန်နေရပေမယ့် ယူနိုက်တက်က (၂)ပွဲနိုင် (၂)ပွဲရှုံးနဲ့ ရမှတ် (၆)မှတ် ရထားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ရက်သတ္တပတ်အပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာပဲ ယူနိုက်တက်က နှစ်ပွဲဆက် ဂိုးပြတ် နိုင်ထားတာပါ။

ပြီးခဲ့တဲ့ရာသီက ဂိုးပြတ် အရှုံးရလဒ်ဟာ ဒီညပွဲ အတွက် ရိုက်ခတ်မှု ရှိလာနိုင်လားလို့ မေးခွန်းထုတ်ခံရတဲ့အခါ တန်ဟက် က ခုလို တုန့်ပြန်လာပါတယ်။

“မရှိနိုင်ဘူး။ သေချာပေါက် မရှိနိုင်ဘူး။ အဲ့ဒီတုန်းက (၄)ဂိုးပြတ်နဲ့ ရှုံးခဲ့တာ ဆိုပေမယ့်လည်း အခုပွဲက ခြားနားနေပါလိမ့်မယ်။ ဒီပွဲ(၂)ပွဲကို ခင်ဗျား နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ဒီမှာ ကစားရတဲ့ပွဲတိုင်းက ခက်ခဲ ကြမ်းတမ်းတယ်ဆိုတာကို ကျွန်တော်တို့ သိတယ်။”

“ဒါပေမယ့် ကျွန်တော်တို့ အခြေအနေကိုလည်း သိထားရပါမယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့မှာ fit ဖြစ်နေတဲ့ ကစားသမားအင်အားမျိုး ရှိမနေဘူး။ အခုအခြေအနေနဲ့က အတော်လေးကို ကွဲပြားနေတဲ့ ပုံစံလိုကို ဖြစ်ခဲ့တာ။

အခုက ကျွန်တော်တို့အသင်းဟာ ကျစ်လစ် တောင့်တင်းတဲ့ လူစာရင်းလည်း ရှိနေပါပြီ။ အဲ့ဒီအချိန်တုန်းကတော့ ဖေဖော်ဝါရီလလောက်ကနေ စတင်ပြီး ပွဲထွက်ကစားသမား (၁၁)ဦးကို ရွေးချယ်ရတာ ခက်ခဲခဲ့ရတယ်။ အခုကတော့ (၁၈)ယောက် ရှိနေတာမို့ ကစားသမား ရွေးချယ်ရတာလည်း အဆင်ပြေလာရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။