ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းကနေ ချန်ရတာ သိပ်ကြီး ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းထဲကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ဖို့ ခက်ခက်ခဲခဲ မဆုံးဖြတ်ခဲ့ရဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲစလုံးမှာ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးကစားခဲ့တဲ့ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဲရစ် တန်ဟက်ရဲ့ အားကစားပီသမှု မရှိဘူးလို့ စွပ်စွဲခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ ခံယူချက်ပိုင်း တိုးတက်လာမှုကနေ အကျိုးအမြတ်ခံစားနေရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်က ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းထဲမှာ မထည့်သွင်းဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဂါနာချိုကို ဘယ်တောင်ပံမှာ ပွဲထွက်ကစားခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

“မဟုတ်ပါဘူး။ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခဲ့ရတာက ခက်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အလှည့်ကျ ပွဲထွက်ခွင့်ပေးရမယ်လေ။ ကျွန်တော်တို့ ကစားရမယ့်ပွဲတွေအများကြီးရှိတယ်။

ကျွန်တော်တို့ အလက်ဟန်းဒရိုးကိုလည်း ပွဲထွက်ခွင့်ပေးရမယ်။ ကျွန်တော်တို့အားလုံး ဂါနာချိုက သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ အများကြီး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားကောင်းဆိုတာကို မြင်တွေ့ခဲ့ပြီးသားပါ။

ဒါက သေချာပါတယ်။ သူလည်း ပွဲထွက်ကစားခွင့်ပေးဖို့ လိုအပ်မှာပါ။ သူ ဒီရာသီမှာ တစ်ပွဲပဲ ပွဲထွက် ပါဝင်ကစားပေးရပါသေးတယ်။”လို့ ပြောဆိုခဲ့ပါတယ်။