ရက်ဖို့ဒ် အကြောင်းပြုလို့ ခလောက်ဆန်ချင်နေတဲ့ မီဒီယာတွေ ကို နည်းပြတန်ဟက် ခပ်ပြတ်ပြတ် ပြောဆို

ဂိုးတွေ ပြန်သွင်းနေပြီ ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ် လို တိုက်စစ်မှူးကို ပွဲထွက်ကနေ ချန်လှပ်ခဲ့တာဟာ ကစားသမားနဲ့ နည်းပြ တန်ဟက်ကြားမှာ ပြဿနာတွေ ရှိနေပြီလို့ ဂျင်မီရက်နက်က စကိုင်းစပေါ့ကနေ သုံးသပ်မှု ပြုလုပ်ခဲ့ပါတယ်။

ဂိုးတွေသွင်းထားတဲ့ တိုက်စစ်သမားကို အရန်ခုံထိုင်ခိုင်းတာ အဓိပ္ပာယ်မရှိဘူး ဆိုတဲ့ ရက်နက်ရဲ့ ဝေဖန်ချက်ကို တန်ဟက်က ဒေါသထွက်ခဲ့ဟန်တူကာ မသိတဲ့ ကိစ္စတွေကို ထင်မြင်ချက်တွေ လိုက်မပေးနဲ့လို့ မီဒီယာကနေတစ်ဆင့် ပြန်လည် တုန့်ပြန်သွား ပါတယ်။

ရက်ဖို့ဒ်ကို ချန်ထားခဲ့တဲ့ ပွဲထွက်လူစာရင်း ကိစ္စ သုံးသပ်သူတွေ ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ နည်းပြတန်ဟက်က ခုလို ခပ်ပြတ်ပြတ် ပြောခဲ့တာပါ။

” သူတို့ ပြောနေကြတာကို ကျနော် ကြားပါတယ်။ တချို့ သုံးသပ်သူတွေက ရူးနေကြတာပါ။ နည်းပြ မဟုတ်ဘဲ သာမာန်လူ အနေနဲ့ ပြောရရင် သေချာလည်း မသိတဲ့ ကိစ္စကို စိတ်ကူးပုံဖော် လျှောက်ပြောနေတာက သိပ်မဟုတ်တော့ဘူး။ အဆင်မပြေနေတာက သူတို့ပါ။

ဒါက အလှည့်ကျ ပွဲထုတ်နေတာပါပဲ။ ကျနော်တို့ ပွဲတွေ အများကြီး ကစားရဦးမှာ အသင်းမှာ ပွဲထွက် ကစားသမား ၁၁ ဦးထက် ပိုရှိပါတယ်။ ကျနော်တို့ ကစားသမားတိုင်းကို အခွင့်အရေးပေးရမယ် သူတို့ စွမ်းဆောင်နိုင်ရင် ပေးကစားရမယ်။

ဘယ်ကစားသမားတွေ ကစားနိုင်လဲ ဖော်ထုတ်ရမယ်။ ပို ကောင်းကောင်း စွမ်းဆောင်နိုင်သူတွေကတော့ ပိုကစားခွင့်ရမှာပေါ့ဗျာ။

ဒါပေမယ့် ရက်ဖိုဒ့်ကိုတော့ တမင်ကြီး ချန်ထားတာ မဟုတ်ပါဘူး။ ထင်ကြေးတွေအတွက် ဘာမှ ပြောစရာမရှိပါဘူး။ အလှည့်ကျ လူထုတ်ခဲ့တာပါပဲ ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။