မန်ယူအသင်းဆီ ဘာလို့ ပြောင်းရွှေ့လာရသလဲနဲ့ ပြောင်းရွှေ့ကြေးနဲ့ တန်၊ မတန် ကိစ္စများ ဖွင့်ဟလာတဲ မာဇာရာဝီ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နွေတုန်းက ဘိုင်ယန်မြူးနစ် နောက်ခံအတွဲ ဖြစ်တဲ့ ဒီလစ် နဲ့ မာဇာရာဝီ တို့ကို ခေါ်ယူခဲ့ပါတယ်။
မန်ယူအသင်းဟာ အဆိုပါ ကစားသမား ၂ ယောက်အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင် သန်း ၆၀ ပေးချေခဲ့ရပြီး အဆိုပါ ကစားသမား ၂ ယောက်စလုံးကလည်း အေဂျက်မှာကတည်းက တန်ဟတ် လက်အောက်မှာ ကစားခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။
နောက်ခံလူသစ် မာဇာရာဝီ ကတော့ ဘာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရတာလဲဆိုတာနဲ့ ပတ်သက်လို့ အခုလို ပြောဆိုလာပါတယ်။

” ဘိုင်ယန် မှာ ကစားပြီးတဲ့နောက် ကျွန်တော် နောက်တဆင့်တက်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီမှာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် နယ်မြေ တစ်ခုဆီမှာ အဆင်ပြေအောင် ကစားပြဖို့ လိုနေပြီလို့ ခံစားခဲ့ရတယ်လေ။
အဲ့ဒီအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုက ရောက်လာခဲ့တာပါပဲ ။ မန်ချက်စတာ ယူနိုက်တက် လို အသင်းဆီ ဘာကြောင့် ပြောင်းလာတာလဲ ဆိုတာကိုတော့ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး ” လို့ မာဇာရာဝီ က ပြောဆိုခဲ့တာပါ။
ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း နဲ့ ပြောင်းရွှေ့လာတာနဲ့ ပတ်သက်ပြီးတော့လည်း ၎င်းက
” ပြောင်းရွှေ့ကြေးနဲ့ တန်၊ မတန် အကြောင်း ဆုံးဖြတ်ရမှာက ကျွန်တော် မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲ့တာက ကျွန်တော့်အတွက်တော့ ကောင်းပါတယ် ။ ကျွန်တော်က အဲ့လောက်ထိ ဈေးမကြီးခဲ့ဘူးလေ။
ကျွန်တော် ပရီးမီးယားလိဂ်မှာ စတင်ပုံလည်း ကောင်းခဲ့ပါတယ်။ အဲ့တော့ ပရိသတ်တွေအတွက် ကျွန်တော်က နွေမှာ ခေါ်ယူတဲ့ ကောင်းမွန်တဲ့ အပြောင်းအရွှေ့လို့ ပြောဖို့ ပိုလွယ်သွားတာပေါ့ ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။