ဒီည ယူရိုပါလိဂ်အဖွင့်ပွဲကို အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ဘယ်နှဂိုးလောက်နဲ့ အနိုင်ယူသွားနိုင်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ ယူရိုပါလိဂ်အဖွင့်ပွဲအဖြစ် နယ်သာလန်ကလပ် FC တွမ်တီးကို ဒီည(မြန်မာစံတော်ချိန် ကြာသပတေး နံနက် ၁:၃၀) အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာလည်း ခြေစွမ်းနဲ့ရလဒ်ပိုင်းက တည်ငြိမ်မှု မရှိသေးဘဲ ဆောက်သမ်တန်၊ ဘန်စလေတို့ကို ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ နောက်ဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ဂိုးမရှိသရေကျခဲ့ပါတယ်။
တွမ်တီးအသင်းကတော့ နယ်သာလန်လိဂ်မှာ အခြေအနေ သိပ်မဆိုးဘဲ ၆ ပွဲကစား ၁၁ မှတ်ရယူပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ နယ်သာလန်ကလပ်တွေနဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး ၉ ပွဲမှာ ၇ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။

FC တွမ်တီးက အင်္ဂလန်ကလပ်တွေနဲ့ ဆုံတွေ့ရင် ရလဒ်ကောင်းလေ့မရှိဘဲ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၁၂ ခုနှစ်တုန်းက ယူရိုပါလိဂ်အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးပြီးနောက်ပိုင်း ယူရိုပါလိဂ် ၂၄ ပွဲမှာ ၁ ပွဲသာ ရှုံးခဲ့ပြီး FC တွမ်တီးကတော့ ယူရိုပါလိဂ်နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲမှ မနိုင်ခဲ့ပါဘူး။
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၁၈ ဖေဖော်ဝါရီလအတွင်း စပို့တင်းလစ္စဘွန်းနဲ့အတူ ယူရိုပါလိဂ်မှာ ပွဲဦးထွက်ကစားခဲ့ချိန်ကစလို့ လက်ရှိအချိန်အထိ ဂိုး ၂၀ သွင်း၊ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး သွင်းဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် ၃၅ ဂိုးနဲ့ ရပ်တည်နေပါတယ်။
အိမ်ကွင်းအားသာချက်ရှိသလို ယူရိုပါလိဂ်အဖွင့်ပွဲဖြစ်တာကြောင့် ယူနိုက်တက်တို့ အမှားခံမှာ မဟုတ်ဘဲ ၂-၀ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းလိုက်ချင်ပါတယ်။