ဘောလုံးသမားဘဝမှ အနားယူပြီးနောက် အလုပ်ကိုင်သစ်ကို တန်းရသွားတဲ့ မန်ယူနောက်ခံလူဟောင်း ဗာရန်း

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ် နောက်ခံလူဟောင်း ရာဖေးလ်ဗာရန်းဟာ အသက် ၃၁ နှစ်အရွယ် တွင်ပင် ကစားသမားဘဝမှ အနားယူပြီးနောက် အလုပ်သစ်အား ကြေညာလာပါတယ်။

ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူဟောင်းဟာ နွေရာသီတုန်းက အိုးထရက်ဖို့ဒ်မှ ထွက်ခွာကာ စီးရီးအေတန်းတက် ကိုမိုသို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာဘဲ ဗာရန်းဟာ ကလပ်သစ်အတွက် ပထမဆုံးကစားတဲ့ပွဲမှာပင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း သူဟာ ကိုမိုနှင့် ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့တုန်းက ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။

ဒါပေမဲ့ သူဟာ ကိုမိုအသင်းမှာပဲ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ သူဟာ ကိုမိုမှာ ဘယ်တာဝန်ရယူထားလဲဆိုတာကိုတော့ အတိအကျ မသိသေးပါဘူး။

၎င်းက “ကွင်းပြင်ပမှာ ဘဝသစ် စတင်နေပါတယ်။ ကိုမိုမှာပဲ ဆက်ရှိပါမယ်။ ဖိနပ်နဲ့ ခြေသလုံးကာမသုံးတော့ပေမဲ့ မကြာခင်မှာ အများကြီးဝေမျှဖို့ ရှိနေပါတယ်”လို့ ပြောကြားသွားပါတယ်။

ရာဖေးလ်ဗာရန်းဟာ နွေရာသီတုန်းက နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဖာဘရီဂက်စ်ရဲ့ နည်းပြအဖွဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်လာဖို့ ရှိပါတယ်။

ရာဖေးလ်ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်တွင် ကစားတဲ့ ၁၀ နှစ်အတွင်းတွင် ပွဲ ၃၆၀ ကစားခဲ့သူ ဖြစ်ပြီး လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ဆွတ်ခူးခဲ့ကာ သူ့အတွေ့အကြုံများက ကိုမိုအတွက် များစွာ အသုံးဝင်လာဖို့ ရှိပါတယ်။

သူဟာ ပြင်သစ်နှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သလို ယူနိုက်တက်နှင့်အတူ ကာရာဘောင်ဖလား၊ အက်ဖ်အေ ဖလားတို့လည်း ဆွတ်ခူးခဲ့ပါတယ်။