လူငယ် ကြယ်ပွင့်၂ ဦးကို တခါတည်း လုပ်ခတိုးမြှင့် စာချုပ်သစ်ချုပ်ဆိုဖို့ ယူနိုက်တက် ပြင်ဆင်နေ
မန်ချက်စတာယူနိုက်တက်ဟာ လူငယ် ကြယ်ပွင့်လေး ကိုဘီမိုင်နူးကို လုပ်ခများစွာ တိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၁၉ နှစ်ရှိ ယူနိုက်တက်အကယ်ဒမီထွက် မိုင်နူးဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်းတွင် ကလပ်နှင့် နိုင်ငံတို့တွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့်ရလာသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲလုံး ပွဲထွက်ကစားခွင့်ရထားပါတယ်။
မိုင်နူးဟာ လက်ရှိအချိန်တွင် ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ တည်းသာ ရရှိနေသူ ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်မှာကုန်ဆုံးပါမယ်။ ယူနိုက်တက်ဟာ စာချုပ်အတွင်းမှာ ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ကိုဘီမိုင်နူးကို လုပ်ခ လေးဆတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရပါတယ်။
၎င်း အပြင် ယူနိုက်တက်ဟာ အသင်းတွင် ခြေစွမ်းပြကစားနေတဲ့ တောင်ပံကစားသမား အာမက်ဒီရယ်လိုကိုလည်း စာချုပ်သစ်ချုပ်ဆိုရေး လုပ်ဆောင်နေပါတယ်။
အသက် ၂၂ နှစ်ရှိ ကစားသမားဟာ ယူနိုက်တက်နှင့် ၁၂ လစာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်အတွင်းမှာ ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်လည်း ပါဝင်ပါတယ်။
ဆန်းဒါးလန်း၊ ရိန်းဂျားတို့တွင် အငှားဖြင့် သွားကစားဖူးတဲ့ သူဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာ အတ္တလန္တာမှ ပေါင် ၁၉သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၂၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးထားပါတယ်။